
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) ရဲ့ နှစ်ပတ်လည်ညီလာခံမှာ မြန်မာနိုင်ငံက လူအခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ဒေါ်ဇာလီအေးဟာ IBA Human Rights Award 2026 ဆုကို လက်ခံရရှိခဲ့ပါတယ်။
အဆိုပါဆုဟာ ဥပဒေပညာရှင်တယောက်အနေနဲ့ လူ့အခွင့်အရေးအတွက် ထူးချွန်စွာ ပါ၀င်ကူညီဆောင်ရွက်ခဲ့မှုအတွက် ပေးအပ်တဲ့ ဂုဏ်ပြုဆု ဖြစ်ပါတယ်။
ဒီဆုကို ရရှိတာဟာ သူတယောက်တည်းရဲ့ ကြိုးပမ်းမှုမဟုတ်ဘဲ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် အတူတကွ ရပ်တည်ခဲ့ကြသူ အားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အသိအမှတ်ပြုတာ ဖြစ်တယ်လို့ ရှေ့နေ ဒေါ်ဇာလီအေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွက်ရက်ကနေ ပြောပါတယ်။
နိုင်ငံပေါင်း ၁၃၀ က ရှေ့နေနဲ့ ဥပဒေပညာရှင်ပေါင်း ၅,၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ အဲဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက ရှေ့နေတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ ဖိနှိပ်မှုတွေကို နိုင်ငံတကာ အသိုက်အဝန်းထံ အသိပေး မျှဝေခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ဆုရရှိသူကို အမည်စာရင်း တင်သွင်းပေးခဲ့တဲ့ LGBTIQ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း CAN နဲ့ ဆယ်စုနှစ်တခုကျော်ကြာ လက်တွဲလုပ်ကိုင်လာတဲ့ နိုင်ငံတကာဂျူရီကော်မရှင် (ICJ) တို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း သူက ဆက်ပြောပါတယ်။
ဒီဂုဏ်ပြုဆုကို မြန်မာနိုင်ငံအတွင်း တရားမျှတမှု၊ မျှတသော တရားစီရင်ခွင့်နဲ့ အဓမ္မ ဖမ်းဆီးခံရမှုတွေကနေ ကာကွယ်ပေးဖို့ ရပ်တည်ရင်း ဖမ်းဆီးထောင်ချခံထားရသူတွေ၊ ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသူတွေနဲ့ နေရပ်စွန့်ခွာနေကြရတဲ့ ရှေ့နေတွေ အားလုံးနဲ့ ထပ်တူ မျှဝေဂုဏ်ပြုလိုကြောင်း ဆုရသူက ပြောပါတယ်။
ချင်းတိုင်းရင်းသူဖြစ်တဲ့ ဒေါ်ဇာလီအေးဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနဲ့ ရှေ့နေတဦး ဖြစ်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ မြေယာအခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေမှာ ရှေ့တန်းက ကူညီဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။











