DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်မြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေ၊ တံတားဦး-ပြင်စီ လမ်းကို မသုံးရန် သတိပေးထား
DVB
·
October 12, 2024
ငါန်းဇွန်မြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေ၊ တံတားဦး-ပြင်စီ လမ်းကို မသုံးရန် သတိပေးထား
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်လို့ စစ်တပ်ဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးနိုင်ပြီး တံတားဦး-ပြင်စီ ကားလမ်းပိုင်းကို ပြည်သူတွေအသုံးမပြုကြဖို့ Natogyi People Defence Force (NPDF) က သတိပေး ထုတ်ပြန်ထားပါတယ်။

ငါန်းဇွန်မြို့နယ်၊ မိုးတောင်ရွာနဲ့ ငါန်းမြှာရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ အောက်တိုဘာ ၁၁ ရက် နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းပါဝင်တဲ့ရဲဘော်တယောက်က “ကျနော်တို့ဘက်က ကနဦး အလစ်ဝင်ပြီး ၄၀ မမနဲ့ အရင်စပစ်တာ။ စစ်အုပ်စုအလယ်ခေါင်တည့်တည့်ကိုကျတာ။ စစ်တပ်က အသေအပျောက် ၁၅ ဦး ထက်မနည်း ကျဆုံးထိခိုက်နိုင်တယ်။ သူတို့ဘက်က အထိခိုက်များပြီး မိုးတောင်ရွာအတွင်း ပြန်ဆုတ်သွားတယ်။ နောက်ထပ်စစ်ကူတွေ ထပ်ရောက်လာပြီး နေ့လယ်ပိုင်းမှာ ရွာထဲကနေ ထပ်ထွက်လာတယ်။ အဲမှာတကြိမ် တိုက်ပွဲထပ်ဖြစ်တယ်။ ကျနော်တို့ဘက်က လားလားတွေ၊ ဘယ်တိမ် စတဲ့ လက်နက်တွေနဲ့ ပစ်ခတ်တယ်။ နောက်တကြိမ် မိုးတောင်ရွာထဲ ပြန်ဝင်သွားတယ်။ အကျဆုံးအထိခိုက်များလို့ထင်တယ်။ ညနေပိုင်းကျတော့ ဧရာဝတီမြစ်အတွင်းက စစ်တပ်‌ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာတွေရှိတယ်။ နောက်ထပ် ပေါက်တောချောင်ဘက်ကနေ စစ်ကြောင်းတကြောင်း၊ နံ့သာလှိုင်ဘက်ကနေ စစ်ကြောင်းတကြောင်းနဲ့ အင်အားအလုံးအရင်း စစ်ကူလာလို့ ကျနော်တို့ တပ်ပြန်ဆုတ်ထားတယ်ဗျ” လို့ ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ Zero‌ ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်းပကဖ၊ TGYR အဖွဲ့နဲ့ တပ်ရင်း ၆ အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သူက ပြောပြီး အဲဒီ စစ်ကြောင်းဟာ ငါန်းဇွန်မြို့နယ်၊ မြို့သာရွာဘက်ကနေ စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။

မိုးတောင်ရွာသားတယောက်က “စစ်တပ်စစ်ကြောင်းက ရွာတွေဘက် စစ်ကြောင်းထိုး လာတယ်ဆိုရင်  တိုက်ပွဲဖြစ်မယ်ဆိုတာ အသေအချာတွက်လို့ရတယ်။ စစ်ကြောင်းလာပြီဆိုတာနဲ့ အကုန်ထွက် ပြေးရတာပေါ့။ ကျနော်တို့ရွာထဲကနေထွက်လာပြီး သိပ်မကြာဘူး၊ မနက်ခင်းတိုက်ပွဲစဖြစ်တယ်။ နေ့ခင်း ၁၁ နာရီမှာ ကျနော်တို့ မိုးတောင်ရွာကို မီးရှို့ကြတယ်။ ညနေ ၃ နာရီမှာ ထပ်ပြီး ကျနော်တို့ရွာအနီး တိုက်ပွဲထပ်ဖြစ်တယ်။ စစ်တပ်ရေတပ်ဘက်က ဧရာဝတီမြစ်အတွင်းက စစ်သ‌ေင်္ဘာအပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ကူတာ တွေရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းအထိ မိုးတောင်ရွာထဲမှာ တပ်စွဲနေထိုင်နေတာကြောင့်‌ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးကို ဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲဖြစ်ပွားတာမှန်ကန်ပြီး စစ်ရေးသတင်းဖြစ်တဲ့အတွက် သက်ဆိုင်ရာ MOD စစ်ရေးဘက်ကနေ ထုတ်ပြန်ပါလိမ့်မယ်လို့ ဖြေကြားပါတယ်။

မန္တလေးတိုင်းအတွင်းက တံတားဦး-ပြင်စီကားလမ်းပိုင်းကို ပြည်သူတွေအနေနဲ့အသုံးမပြုကြဖို့ Natogyi People Defence Force (NPDF) က အောက်တိုဘာ ၁၁ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။

NPDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အခုရက်ပိုင်း တံတားဦး-ပြင်စီ ကားလမ်းပိုင်းပေါ်မှာ စစ်တပ်ဘက်က သွားလာလှုပ်ရှားတာတွေများနေတယ်။ ဒါကြောင့်မို့ တိုက်ပွဲတွေက အချိန်မရွေးဖြစ်နိုင်တယ်။ တိုက်ပွဲတွေကြားမှာ အပြစ်မဲ့တဲ့ပြည်သူတွေ ထိခိုက်မှုတစုံတရာ မရစေချင်ဘူး။ အဲ့ဒါကြောင့်အခုလို ကြိုပြီးသတိပေးရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း NPDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

NPDF ရဲ့တာဝန်ခံတယောက်က “စစ်သားနဲ့ရဲ ၃၀ နီးပါးလောက်ရှိတဲ့ ကန်နားရဲစခန်းကို ဝင်ပြီးတိုက်ခိုက်ခဲ့တာမှာ နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ သူတို့ဘက်က အထိအခိုက်များတာကြောင့် အကြောက်လွန်ပြီး လေကြောင်းပစ်ကူခေါ်လို့ Mi 35 နဲ့ ဂျက်ဖိုက်တာတွေက လာပစ်သွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် NPDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာလာခဲ့ကြပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးအခြေအနေကိုစုံစမ်းနေတယ်လို့လည်းဆိုပါတယ်။

နိုင်ငံတဝန်းမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လူနေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကတုတ်ကျင်းတွေတူးတာအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကို ကြိုတင်ပြုလုပ်ထားကြဖို့ သတိပေးထားတယ် လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013