DVB Logo
Home
မြန်မာသတင်း
မိုင်းခေါင် KBC စစ်ရှောင်စခန်းက ပြည်သူများ နေရပ်ပြန်ရန် ခက်ခဲ
DVB
·
October 12, 2024
မိုင်းခေါင် KBC စစ်ရှောင်စခန်းက ပြည်သူများ နေရပ်ပြန်ရန် ခက်ခဲ
Donate to DVB

ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ရွာထဲက KBC စစ်ရှောင်စခန်းက စစ်ရှောင်တချို့ နေရပ်ပြန်ဖို့ ပြင်ဆင်နေကြပေမဲ့ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

၁၀ နှစ်ကျော်ကြာ စစ်ရှောင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီးသွားပြီ ဖြစ်ပေမဲ့ ကိုယ်ထူကိုယ်ထ နေရပ်ပြန်ဖို့ ပြင်ဆင်နေကြတာဖြစ်တဲ့အတွက် နေစရာအိမ်ဆောက်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ စစ်ရှောင်ပြည်သူတွေကပြောပါတယ်။

စစ်ဘေးရှောင်တယောက် “တချို့ကျတော့ မုန်းလွတ်ကျေးရွာ ပြန်မယ့်သူတွေ၊ တချို့ကျတော့ ကုန်းခါးပါ၊ ပြီးရင် ဂျေဆွန်းအုပ်စုမှာ ပြန်မယ့်သူရှိတယ်။ ဒီနမ့်လင်းပါ အုပ်စုဘက်ကျတော့ စံလွန်ကျေးရွာဘက်မှာ ပြန်မယ့် အိမ်ထောင်စုက ၇၀ ရှိတယ်။ မြေနေရာအကွက်တွေတော့ ပေးပါတယ်။ ဒါပေမဲ့ အခုက အဲ့ကိုသွားဖို့ကလည်း ဘယ်သူမှ အိမ်က ဆောက်ပေးမှုတော့ မရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြုလုပ်ရမယ်ဆိုတော့ အဲ့မှာ မြေနေရာတော့ရထားတယ်။ မြေနေရာကိုတော့ ရှင်းလင်းမှုတော့ လုပ်ထားပြီ ဒါပေမဲ့ အိမ်မဆောက်သေးတော့ မပြန်ဖြစ်သေးဘူး။ ဒီမှာပဲ နေကြသေးတယ်”လို့ ပြောပါတယ်။

မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှ အထိုင်ချထားတဲ့ ခလရ ၄၇ စခန်းက စစ်ကောင်စီတပ်တွေဟာ မတ်လ ၂၃ ရက်ညက စခန်းစွန့်ခွာသွားပြီဖြစ်တဲ့အတွက် စခန်းကို  KIA ဘက်က ဝင်ရောက်သိမ်းပိုက်ထားပါတယ်။

မံစီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားတဲ့နောက်မှာတော့ စစ်ရှောင်တချို့က နေရပ်ပြန်ဖို့အစီအစဉ်တွေ ရှိကြပေမဲ့ နယ်မြေရှင်းလင်းရေးတွေ မလုပ်ဆောင်ရသေးတာကြောင့် မပြန်နိုင်သေးဘူးလို့လည်း သိရပါတယ်။

လက်ရှိစစ်ရှောင်စခန်းထဲက နေရပ်ပြန်မယ့်အထဲ အိမ်ထောင်စု ၁၀၀ ကတော့ နေစရာ အိမ်တွေလည်း မရှိတော့သလို မြေနေရာတွေလည်း မရှိတော့တာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်တွေဟာ မိုင်းခေါင်ရွာအနီးမှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ချပေးတဲ့ မြေနေရာတွေမှာ နေထိုင်နိုင်ဖို့အတွက် စီစဉ်နေကြတာ ဖြစ်ပါတယ်။

စစ်ရှောင်ရွာသားတယောက်က “အခုပြန်ဖို့ လုပ်နေတဲ့ အိမ်ထောင်စု ၁၀၀ ကတော့ သူတို့နေရပ်ကို ပြန်လို့မရတော့ဘူး။ နေရာစရာအိမ်လည်း မရှိဘူး။ မြေလည်း မရှိတော့ဘူး။ အဲ့တာကြောင့် အခုစစ်ရှောင်နေတဲ့ ရွာဘေးပတ်လည်မှာ ကျေးရွာဥက္ကဋ္ဌတွေက သနားညှာတာသောအားဖြင့် ပေ ၇၀x၈၀ မြေကွက်တကွက် စီစဉ်ပေးတယ်။ အိမ်ဆောက်ဖို့အတွက် အခက်အခဲဖြစ်နေတာပေါ။ ပြီးတော့ စားဝတ်နေရေးအတွက် ကလေးတွေအတွက် ကျောင်းပညာရေး ကျန်းမာရေး အကုန်လုံး လိုအပ်နေတာပေါ့”လို့ ပြောပါတယ်။ 

မိုင်းခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေရပ်ပြန်စရာ အိမ်နဲ့ မြေနေရာမရှိတဲ့သူတွေကို မိုင်းခေါင်ရွာအနီးမှာ ဇုန်နေရာ ၅ ခု သတ်မှတ်ပြီး မြေနေရာတွေ ချထားပေးထားပေမဲ့ နေအိမ်ဆောက်လုပ်ဖို့နဲ့ တခြားအခက်အခဲတွေလည်း ရှိနေသေးတာကြောင့် မပြောင်းနိုင်သေးဘူးလို့  ပြောင်းရွေ့ဖို့ပြင်နေတဲ့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

“ဒီကျေးရွာထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက် ၁ ကနေ ၅ အထိ မြေနေရာတွေ ပေးမယ်ပြောတယ်။ အဲဒီမှာ တချို့ကျတော့လည်း တဲအိမ်လေးတွေ ဆောက်တာပေါ့။ ဒါပေမဲ့ အဆင်မပြေသေးတာက ကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ပေါ့ သူတို့ကတော့ လုပ်ပေးမယ်ပြောတယ်။ ပြီးတော့ ပညာရေးနဲ့ ပတ်သတ်ပြီး လုပ်ပေးမယ်လို့တော့ပြောတယ် ဒါပေမဲ့ မဖြစ်နိုင်သေးဘူးပေါ့။ ကျမတို့ တကိုယ်ရည်သန့်ရှင်းဖို့အတွက် ရေနဲ့ပတ်သတ်ပြီးမှလည်း အဲဒီနေရာက ရေနဲ့အလှမ်းဝေးတယ်။ လိုင်ကာဇွပ်ဂျာကနေ သွယ်တဲ့ပိုက်လိုင်းပေါ့။ အဲ့မှာ လူဦးရေးများလာရင် လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်တော့ ရှိတယ်။”

မိုင်းခေါင်စစ်ရှောင်စန်းက လိုင်ကာဇွပ်ဂျာရွာဒေသံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိုင်းရှင်းလင်းရှင်းရေးလုပ်ပြီး ပြီးခဲ့တဲ့ မေ ၁၀ ရက်က နေရပ်ပြန်ခဲ့ကြပြီဖြစ်ပေမဲ့ နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲ ဆက်လက်ကြုံတွေ့နေရတယ်လို့ နေရပ်ပြန်စစ်ရှောင်တွေက ပြောပါတယ်။

နေရပ်ပြန်စစ်ရှောင်တယောက်က “ပြန်သွားတဲ့ အိမ်ထောင်စု ၇၀ က အစကတော့ ကိုယ်ထူကိုယ်ထနဲ့ပြန်တယ်။ ဒါပေမဲ့ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရတယ်။ နေဖို့ နေရာကတော့ရှိတယ်။ ပြန်လည်နေရာချထားရေး မလုပ်ပေးနိုင်ပေမဲ့ နေဖို့အိမ်က ရှိတယ်။ ဒါပေမဲ့ အိမ်ပျက်စီးဆုံးရှုံးမှု အများကြီးဖြစ်ခဲ့တော့ အိမ်တွေ ပြန်လည်ဆောက်ပေးဖို့ သူတို့အလိုရှိတယ်။ စားဝတ်နေရေးအတွက်လည်း လိုအပ်နေတာပေါ့။ အခက်အခဲကတော့ပေါင်းစုံပဲ။ ကျန်းမာရေးရော။ အခုက နေရာချထားပြီးပြီ ဖြစ်နိုင်သလောက်တော့ ကြိုးစားနေနေကြတယ်။ ဒါပေမဲ့ စားဝတ်နေရေးကျပ်တည်းတာ ကုန်ဈေးနှုန်းတွေကလည်း တက်တော့”လို့ ပြောပါတယ်။ 

မံစီမြို့နဲ့အလှမ်းဝေးတဲ့ မိုင်းခေါင်ရွာဟာ စစ်ရေးအခြေအနေတွေကြောင့် သွားလာရေးခက်ခဲတဲ့အပြင် ကူညီထောက်ပံ့မှုတွေ မရောက်ရှိတာကြောင့် စစ်ရှောင်တွေဟာ အဆင်ပြေသလို အပြင်ထွက်လုပ်ကိုင်စားသောက်ပြီး စားဝတ်နေရေးအတွက်လည်း ရုန်းကန်နေရ ပါတယ်။

၁၀ နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ မိုင်းခေါင် KBC စစ်ရှောင်စခန်းဟာ ၂၀၁၁ ခုနှစ်က ကချင်ဒေသမှာ တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသအနှံက တိမ်းရှောင်လာတဲ့သူပြည်သူတွေအတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ စစ်ရှောင်စခန်းဖြစ်ပြီး အိမ်ထောင်စု ၃၀၀ ကျော်က လူဦးရေ ၈၀၀ ကျော်အတွက် နေရာချထားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်းက စတင်လိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ စခန်းသိမ်း ထိုးစစ်တိုက်ပွဲတွေကြောင့် မန်စီမြို့နယ်ထဲက ကျေးရွာတချို့က ဒေသခံတွေအပါအဝင် ဗန်းမော်ရောဘတ် စစ်ရှောင်စခန်းက ပြည်သူတွေလည်း မိုင်းခေါင်စစ်ရှောင်စခန်းကို ပြောင်းရွှေ့လာကြတာကြောင့် လက်ရှိမိုင်းခေါင်စစ်ရှောင်စခန်းမှာ လူဦးရေ ၁၅၀၀ လောက် နေထိုင်နေကြတာ ဖြစ်ပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013