DVB Logo
Home
နိုင်ငံတကာ
နာမည်ကြီးထိုင်းသရုပ်ဆောင် ၃ ဦး ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီတွင်  လူပေါင်းများစွာ အလိမ်ခံရ 
DVB
·
October 11, 2024
နာမည်ကြီးထိုင်းသရုပ်ဆောင် ၃ ဦး ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီတွင်  လူပေါင်းများစွာ အလိမ်ခံရ 
Donate to DVB

ထိုင်းထိပ်တန်းရုပ်ရှင်သရုပ်ဆောင် ၃ ယောက် အဓိက ဦးစီးဆောင်ရွက်တဲ့ The Icon Group ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာ ပါဝင်ရင်းနှီးတဲ့ လူပေါင်းရာနဲ့ချီ အလိမ်ခံနေရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါကုမ္ပဏီဟာ အွန်လိုင်း လူမှုကွန်ရက်ကနေ ငွေရှာနည်းသင်တန်းကို ဦးစွာပို့ချပေးပြီး ကော်ဖီမိတ်၊ အားဖြည့်အချိုရည်၊ အဆီချဆေး၊ အလှကုန်ပစ္စည်းအမျိုးမျိုး စတာတွေကို အွန်လိုင်းကနေ ရောင်းချစေခဲ့တယ်၊ သူတို့ကုမ္ပဏီနဲ့အတူ ရင်းနှီးမြှုပ်နှံရင်  အချိန်တိုတိုအတွင်း အမြတ်များစွာရမယ်၊  တနှစ်အတွင်း အများဆုံးရောင်းချနိုင်သူတွေကို နိုင်ငံခြားအလည်အပတ်ခရီးစဉ် ခေါ်ယူပြီး ဆုချီးမြှင့်တယ်လို့ ဆွဲဆောင်ခဲ့ကြောင်း အလိမ်ခံရသူတွေက ပြောပါတယ်။

ကုမ္ပဏီအမှုဆောင်ဒါရိုက်တာတွေ၊ မန်နေဂျာတွေ၊ ကြော်ငြာသူတွေ၊ စည်းရုံးသူတွေဟာ ထိပ်တန်း နာမည်ရ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရုပ်သံအစီအ စဉ်တင်ဆက်သူတွေ ဖြစ်တာကြောင့် ငွေတွေ သိန်းနဲ့ချီ ယုံကြည်စိတ်ချစွာ ရင်းနှီးထည့်ဝင်ခဲ့တယ်၊ ရှိတဲ့ဥစ္စာပစ္စည်း ရောင်းချ ပေါင်နှံတယ်၊ တချို့ကလည်း ငွေတိုးချေးပြီး ရင်းနှီးကြပါတယ်။

ဒါပေမဲ့ ကုန်ပစ္စည်းတွေ ရောင်းမကောင်းဘူး၊ ငွေတွေသိန်းချီ ရင်းနှီးထားတာ တလလုံးမှ ဘတ် ၄၀၀ -၅၀၀ ဖိုးသာ ရောင်းရတယ်၊ ကိုယ်တိုင်သုံးကြည့်တော့ ပြောသလောက်မကောင်း၊ ဗီတာမင်အားဖြည့်ဆေးရည်တွေဟာ လည်ချောင်းမှာ ရှတတဖြစ်တယ်၊ အလှဆီတွေ မိတ်ကပ်တွေလည်း အသားအရည်ပျက်စီးတယ်၊ ဒါကြောင့် နာမည်မပျက်အောင် လွှင့်ပစ်လိုက်ရတာတွေ ရှိတယ်လို့ ရင်းနှီးသူတွေက သတင်းထောက်ကို ပြောပါတယ်။

ရင်းနှီးမြှုပ်နှံသူတယောက်က ဘန်ကောက်  သုံးစွဲသူများကာကွယ်ရေး ဗဟိုရဲစခန်းမှာ လာရောက်တိုင်ကြားရင်း သူ့ရဲ့အလှကုန်ပစ္စည်းတွေကို သတင်းထောက်တွေရှေ့မှာ သွန်ချပြခဲ့ပါတယ်။

နောက်ရင်းနှီးမြှုပ်နှံသူတယောက်က ကုမ္ပဏီက တစ်တော့ပ်မှာ ကြော်ငြာလို့ နောက်ဆုံး ကျန်တဲ့ငွေ ၂၀၆,၀၀၀ ကို ပုံအောပြီး ထည့်ဝင်ခဲ့တယ်၊ ဒါပေမဲ့ ပစ္စည်းတွေ ရောင်းမရဘူး၊ ကုမ္ပဏီကတော့ ရောင်းကောင်း/မကောင်းက မိမိအရည်အချင်းပေါ်ပဲ မူတည်တယ်လို့ ပြောတယ်၊ အရင်းရှုံးတော့ လင်မယားရန်ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် ဖြစ်သွားတယ်လို့ ပြောပါတယ်။

ဒီကိစ္စ ဟိုးလေးတကျော်မဖြစ်ခင် ချန်နယ်လ် ၃ ရုပ်သံလိုင်းမှာ ပြည်သူ့ပြဿနာတွေ အလေးထားတင်ပြနေတဲ့ အစီအစဉ်တင်ဆက်သူ နွမ်ကန်းချိုင်းက “နာမည်ကြီး မင်းသား မင်းသမီးတွေပါတဲ့ ကုမ္ပဏီကနေ ရင်းနှီးမြှုပ်နှံမှု အလိမ်ခံရတာတွေ လာတိုင်ထားတာ အများကြီးရှိတယ်၊ မကြာခင် ဖော်ပြပေးမယ်လို့  ပြောခဲ့တယ်၊ အဲဒီနောက်မှာ ခြိမ်းခြောက်ခံရတာတွေ ရှိတယ်၊ သူကတော့ မကြောက်ပါဘူး” လို့ သူ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက်  နစ်နာဆုံးရှုံးသူတွေဟာ ရဲစခန်းကိုလည်း သွားရောက်တိုင်တန်းကြတယ်၊ ဘန်ကောက် သုံးစွဲသူများကာကွယ်ရေး ဗဟိုရဲဌာနချုပ်မှာ လာရောက်တိုင်တန်းထားသူတွေ ချည်းတင် ၅၀၀ ကျော်ရှိတယ်၊ တခြားခရိုင်က ရဲစခန်းတွေမှာတိုင်တာ မပါသေးဘူး၊ ကုမ္ပဏီမှာ ပါဝင်ရင်းနှီးထားသူ ၃ သိန်းကျော်ရှိတယ်လို့ PPTV သတင်းမှာ ဖော်ပြပါတယ်။

အလိမ်ခံရသူတွေဟာ အဆိုပါကုမ္ပဏီ ဦးဆောင်သူတွေရဲ့ အမည်နဲ့ ရုပ်ပုံတွေ ဖော်ထုတ်ရာမှာ ဆဲမ်းယူရနန်၊ ဂန်းကန်တထာဝန်းဆိုတဲ့ မင်းသား ၂ ယောက်နဲ့ မင်းဖစ်ချယာဆိုတဲ့ မင်းသမီး တယောက်တို့ ကုမ္ပဏီသူဌေးအနေနဲ့ ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် (ယာယီတာဝန်ခံ) ရဲချုပ် ကစ်သီရတ် ဖန်းထုဖစ်ချ်က  ဆုံးရှုံးနစ်နာသူတွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ပေါ် ယုံကြည် စိတ်ချနိုင်ကြောင်း၊ လိမ်လည်လှည့်ဖျားတဲ့ လုပ်ငန်းထဲ အကြုံးဝင်မဝင် စစ်ဆေးရမှာ ဖြစ်တယ်၊ လောလောဆယ် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့က သိမ်းဆည်းထားတယ်၊ ဝင်ငွေလာရာလမ်းကြောင်းတွေ အသေးစိတ်တင်ပြပြီး ပတ်သက်မှု မရှိရင်တော့ ပြန်အပ်မယ်၊ သက်ဆိုင်သူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်၊  ကုမ္ပဏီအနေနဲ့လည်း ပြည်သူအားလုံးသိရအောင် သတင်းစာရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

Work Point TV ချန်နယ်လ်ကလည်း အခုလို သတင်းတွေ ထွက်ပေါ်လာတာကြောင့် သူတို့ဆီမှာ အစီအစဉ်တင်ဆက်နေတဲ့ ဂန်းကန်တထာဝွန်းကို အမှုရင်ဆိုင်ဆဲကာလ တာဝန်ဝတ္တရားမှ ရပ်စဲထားပါတယ်။

Source:   CH7 / PPTV / Amarin TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013