
ခု လာအိုမှာ ကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်ခြင်းမရှိပါဘူး။ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အတူ ပူးတွဲကျင်းပတဲ့ ASEAN-US ထိပ်သီးအစည်းအဝေးနဲ့ East Asia-US ထိပ်သီး အစည်းအဝေးတွေကို အောက်တိုဘာ ၁၁ ရက်မှာ ကျင်းပပေမဲ့ သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်ခြင်းမရှိဘဲ သူ့အစား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကပဲ တက်ရောက်ပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒင် အာဆီယံအစည်းအဝေးကို လာမတက်တာ ခုမှ မဟုတ်ပါဘူး။ မနှစ်က အင်ဒိုနီးရှားမှာ ကျင်းပတဲ့ အစည်းအဝေးကိုလည်း လာမတက်ပါဘူး။ မနှစ်က ဂျကာတာ ထိပ်သီးအစည်းအဝေးကို ဒု-သမ္မတ ကာမာလာဟားရစ် တက်ရောက်ခဲ့ပေမဲ့ လာအို အစည်းအဝေးကျတော့ နိုင်ငံခြားရေးဝန်ကြီးတဦးကိုသာ သမ္မတကိုယ်စား စေလွှတ်တော့တယ်။
ဒါဟာ ဘာသဘောလဲ။ ဘိုင်ဒင်က နိုဝင်ဘာမှာ ကျင်းပတော့မယ့် အမေရိကန် ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေလို့ မလာနိုင်ဘူးလို့ ဆင်ခြေပေးမယ်ဆို ပေးလို့ရတယ်။ ဒါပေမဲ့ ဒီရက်ထဲမှာပဲ ဂျာမနီနဲ့ အင်ဂိုလာကို သွားဖို့ စီစဉ်ထားတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးက အမေရိကန်အတွက် အရေးမပါတော့ဘူးလား။ အမေရိကန်က အာဆီယံ ထိပ်သီးအစည်းအဝေးကို ဝတ်ကျေတန်းကျေသဘောသာ လာတက်တာလို့ပဲ ဆိုရမယ်။အာဆီယံမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေချိန်မှာ အာဆီယံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။
ဒီအချက်တွေကိုကြည့်ရင် အမေရိကန်ဟာ အာဆီယံအရေး၊ တရုတ်ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရေးမှာ မဟာဗျူဟာ ပြောင်းလဲလာနေတာကို တွေ့ရတယ်။ အာဆီယံဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မူဝါဒမှာ အရေးပါတဲ့နေရာက ရှိနေတယ်ဆိုပေမဲ့ အမေရိကန်ရဲ့ အာရုံစူးစိုက်မှုဟာ အာဆီယံမှာ ရှိမနေတော့ပါဘူး။
ဒီအစား အမေရိကန်ရဲ့ လုံခြုံရေးကို ပိုပြီးဦးစားပေးတဲ့အနေနဲ့ Quad အဖွဲ့လို၊ AUKUS အဖွဲ့လို အဖွဲ့တွေနဲ့ ပိုမိုနီးကပ် ဆက်ဆံလာတာ တွေ့ရတယ်။ မကြာခင်ကပဲ ဘိုင်ဒင်ဟာ သူနေထိုင်ရာ ဒီလာဝဲလ်ကို ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သလို ဩစတြေးလျ၊ ဗြိတိန်တို့ ပါဝင်တဲ့ သုံးနိုင်ငံ အောကပ်စ်အဖွဲ့တွေကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှုတွေ တိုးမြှင့်ခဲ့တယ်။
အမေရိကန်က မိမိတို့နဲ့ ဆန္ဒတူ နိုင်ငံတွေနဲ့ ဒေသတွင်းပူးပေါင်းမှုကို ဦးစားပေးလာတာ တွေ့ရတယ်။ မနှစ်က ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ကမ့်ဒေးဗစ်မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဒီနှစ်မှာ ဂျပန်၊ ဖိလစ်ပိုင်တို့နဲ့ ဝါရှင်တန်မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်။ ဒါတွေက တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ အမေရိကန်ရဲ့ မဟာဗျူဟာမျှော်မှန်းချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံတွေနဲ့ ကျယ်ပြန်တဲ့ အုပ်စုဖွဲ့မှုတွေပါ။
တရုတ်ရဲ့ ရန်လိုတဲ့အပြုအမူတွေနဲ့ ဒေသတွင်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာနေပြီး ဒါတွေက အာဆီယံအပေါ် ရိုက်ခတ်မှုတွေ ရှိနေပေမဲ့ အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာ စဉ်းစားချက်တွေမှာ အင်ဒို-ပစိဖိတ်ဒေသရဲ့ အသည်းနှလုံးမှာရှိတဲ့ အာဆီယံကို ဘေးချိတ်ထားခဲ့တယ်။
အမေရိကန်ဟာ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး (trans pacific partnership) ကနေ နောက်ဆုတ်သွားပြီးကတည်းက အာဆီယံ ထိပ်သီးအစည်းအဝေးပျက်ကွက်မှုနဲ့ စီးပွားရေး ဘက်စုံပူးပေါင်းရေးမှာ လျော့ကျသွားတာ သိသာထင်ရှားတယ်။ အမေရိကန်က ခုလို နောက်ဆုတ်သွားချိန်မှာ အစားထိုးဝင်ရောက်လာတာက တရုတ်ပါ။
အမေရိကန်နဲ့ အာဆီယံကြား ဆက်ဆံရေးဟာ ကျိုးတိုးကျဲတဲ ဖြစ်နေချိန်မှာ တရုတ်ကတော့ သံတမန်ရေး ကြိုးပမ်းအားထုတ်မှုနဲ့အတူ လျှင်မြန်တက်ကြွနေတာ တွေ့ရတယ်။ တရုတ်က အာဆီယံရဲ့ စီးပွားရေးပေါင်းစည်းမှုနဲ့ ဒေသတွင်း အုပ်ချုပ်ရေးမှာ အရေးပါပုံကို အရင်ကတည်းက ကောင်းကောင်းကြီး သဘောပေါက်ပြီး ပစ်ပယ်လို့မရတဲ့ မိတ်ဖက်တဦး အနေနဲ့ နေရာယူလာတယ်။ တရုတ်ဟာ အာဆီယံရဲ့ ထိပ်တန်းကုန်သွယ်ဘက်နိုင်ငံတခု ဖြစ်ရုံမက (ဝေဖန်မှုတွေရှိနေပေမဲ့) တရုတ်ရဲ့ BRI စီမံချက်တွေက အာဆီယံနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး တရုတ်ရဲ့လွှမ်းမိုးမှုကို နက်ရှိုင်းစေခဲ့တယ်။ ဥပမာအားဖြင့် လာအို-တရုတ် မီးရထားလမ်း။
The State of Southeast Asia 2024 အစီရင်ခံစာရဲ့ လေ့လာသုတေသနပြုချက်အရ တရုတ်ဟာ အမေရိကန်ကို ကျော်လွန်ပြီး အာဆီယံဒေသနိုင်ငံများရဲ့ တိမ်းညွတ်မှုကို ရရှိနေတယ်လို့ ဆိုတယ်။ ၂၀၁၉ ခုနှစ်က စတင်ပြုလုပ်တဲ့ ခြောက်နှစ်ကြာ လေ့လာတွက်ချက်မှုအရ တရုတ်ဟာ အာဆီယံအပေါ် စီးပွားရေး၊ နိုင်ငံရေးနဲ့ မဟာဗျူဟာပါဝါတွေမှာ ဩဇာလွှမ်းမိုးမှု အရှိဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။
အာဆီယံမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်လို့ မေးမြန်း သုတေသန ပြုကြည့်တဲ့အခါ ၂၀၂၃ ထက်စာရင် အမေရိကန်အပေါ်ထားတဲ့ သဘောထားက အနုတ်လက္ခဏာ ဆောင်လာတယ်လို့ ဆိုတယ်။
အရှေ့တောင်အာရှနိုင်ငံတွေက အမေရိကန်ကို မဟာဗျူဟာမိတ်ဖက်နဲ့ ဒေသတွင်းလုံခြုံရေးကို ပံ့ပိုးပေးသူအဖြစ်ကနေ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သိသိသာသာ ယုံကြည်မှုကျဆင်း သို့မဟုတ် လုံးဝ အယုံအကြည်ကင်းမဲ့လာတယ်လို့ လေ့လာထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။
အဓိကအကြောင်းအရာတခုက အမေရိကန်ရဲ့ ပြည်တွင်းနိုင်ငံရေးအရွေ့ပါ။ ဒီမိုကရက်ရော ရီပတ်ဘလစ်ကန် ပါတီကပါ လက်ရှိအချိန်မှာ ပြည်တွင်းရေးကိစ္စတွေကို အာရုံစိုက်နေကြတယ်။ ငွေဖောင်းပွမှု၊ လူဝင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့အရာတွေပေါ်မှာ အာရုံစိုက်နေပြီး နှစ်ပါတီလုံး တူတဲ့အချက်တခုက တရုတ်ကို ဟန့်တားရေးပါ။
အာဆီယံနိုင်ငံတွေက ခုလို အမေရိကန်အပေါ် အပြည့်အဝ အားကိုးယုံကြည်မှု မရှိတော့ချိန်မှာ အလယ်အလတ်ပါဝါနိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အီးယူ တို့ဘက်လှည့်ပြီး ဆက်ဆံလာတာ တွေ့ရတယ်။
အမေရိကန်ဟာ အာဆီယံရဲ့ ယုံကြည်မှုနဲ့ ဒေသတွင်း မဟာဗျူဟာခြေကုပ်ယူမှုကို တည်မြဲချင်ရင် အာဆီယံ ကတိကဝတ်တွေကို အစဉ်တစိုက် ဆောင်ရွက်နေဖို့နဲ့ သူ့ရဲ့ ချဉ်းကပ်မှုကို ထပ်ပြီးအားထုတ်ဖို့ လိုပါလိမ့်မယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အမေရိကန်သမ္မတ ဦးဆောင်တဲ့ ထိပ်သီးအစည်းအဝေးကို သူတို့ခေါင်းဆောင်တွေကိုယ်စား တက်ရောက်လာရင် အမေရိကန်က လက်ခံနိုင်ပါ့မလား။ သံတမန်ရေးမှာ အပြန်အလှန်ရှိမှုနဲ့ တန်းတူညီမျှရှိမှုဟာ အင်မတန် အရေးကြီးပါတယ်။ ထိပ်သီးအစည်းအဝေးတခုကို ကိုယ်တိုင်လာတက်ခြင်းဟာ ရလဒ်ထွက်ပေါ်သလိုပဲ အရေးကြီးပါတယ်။
CWM
(Ref: US not walking the talk in Southeast Asia as Biden skips ASEAN Summit again. By Joanne Lin, a Senior Fellow and Co-coordinator of the ASEAN Studies Centre at ISEAS – Yusof Ishak Institute.)











