
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ အာဏာရှင်စစ်တပ်ရဲ့ မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးရသလို အရပ်သား ၃ ယောက်လည်း သတ်ဖြတ်ခံရတယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မြင်းမူဘက်ကနေ အင်အားစုပြီး ၆၀၀ ဝန်းကျင်နဲ့ ဇွန် ၉ ရက်ကစတင် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ငါးလုံးတင်၊ ဆင်မြေ၊ အထိ သာရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး မီးရှို့တာလို့ ဆိုပါတယ်။
မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ လျှပ်စီးတပ်ခွဲ (တပ်ခွဲ-၃)က ကိုမိုးကြိုးက “မီးရှို့သွားတာကတော့ ဇွန်လ ၉ ရက်နေ့ ညနေခင်းပိုင်းပေါ့။ သူတို့ မှန်ချိုရွာအစပ်က တောထဲလေးတွေကို စရှို့တယ်။ ဇွန်လ ၁၁ ရက်နေ့ကျတော့ ငါးလုံးတင်နဲ့ ဆင်မြေ အစပ်အိမ်တွေကို မီးရှို့တယ်။ ပြီးတော့ ရွာလယ်ကောင်အတွင်းထဲကို ရှို့တော့တာပေါ့။ အားလုံးပေါင်း အတည်ပြုနိုင်တာ ၁၈၇ အိမ်ပါ။ စာရင်းအတိအကျပါ” လို့ DVB ကိုပြောပါတယ်။
အဲဒီအပြင်စစ်တပ်ဟာ ချောင်းဦးမြို့နယ်ထဲက သမိုင်းဝင် နှီးဘုရားကြီးကို မီးရှို့တာ၊ ရွှေဂူကြီးဘုရား ကျောင်းဆောင်တွေကို ဒရော့ဗုံးနဲ့ တိုက်ခိုက်တာတွေကြောင့် ပျက်စီးခဲ့ရသလို ဇွန် ၁၁ ရက်မှာ ဆင်မြေရွာက အသက် ၆၀ အရွယ် လေဖြတ်ဝေဒနာ ခံစားနေရတဲ့ အရပ်သားတယောက်ကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီအအပြင် ရွာတော်လေးရွာ အသက် ၃၀ နှစ်အရွယ် အရပ်သားတယောက်ကိုလည်း ဇွန် ၇ ရက်နေ့မှာ သတ်ဖြတ်သွားပြီး အမည်၊ အသက်ကို အတည်မပြုနိုင်သေးတဲ့ အရပ်သား အလောင်းတလောင်းကိုလည်း တွေ့ရှိထားသလို တိုက်ပွဲဖြစ်ပြီး သေဆုံးသွားလို့ မြေမြှုပ်ထားတဲ့ စစ်သားအလောင်းတွေကိုလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
“အခုက ပြန်ငြိမ်နေပြီ။ လက်နက်ကြီးတွေနဲ့တော့ တခြားဘက်တွေကို ရမ်းသန်းပစ်ခတ်တာတွေ ရှိတယ်။ မီးရှို့သွားတာက ဆင်မြေပေါ့။ ဆင်မြေရွာက အများဆုံး ရှို့ခံရတာ။ ငလုံးတင်ရွာကတော့ ၃ အိမ်လောက်ပါတယ်” လို့ သူက ထပ်ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ချောင်းဦးမြို့ပေါ်၊ မြင်းမူဘက်ကို ပြန်လည်ထွက်သွားပြီဖြစ်ပြီး မီးဘေးသင့်ခဲ့ရတဲ့ အရပ်သားတွေကို မြို့နယ် ပအဖ ဘက်က ကူညီထောက်ပံ့တာတွေ လုပ်သွားမှာလို့ ဆိုပါတယ်။
အဲဒီစစ်တပ်ကြောင့် ချောင်းဦးနယ်ထဲက ဆင်မြေ၊ ငါးလုံးတင်၊ မှန်ချို၊ နတ်ရေကန်၊ ကျောက်ဆစ်ကန်၊ ရွာတော်လေး၊ မထိသာ၊ ထူးနီ၊ မင်းခေါင်၊ မကျီးခွစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။










