DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ဒေသအများအပြားတွင် ဖုန်းလိုင်းများပြတ်တောက်နေ
DVB
·
October 10, 2024
ရခိုင်ပြည်နယ် ဒေသအများအပြားတွင် ဖုန်းလိုင်းများပြတ်တောက်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဒေသတော်တော်များများမှာ မိုဘိုင်းဖုန်းလိုင်းတွေပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။

ဒေသတွင်း မိုဘိုင်းဖုန်းလိုင်းတွေ ပြတ်တောက်သွားတာဟာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲတွေ စတင်လာခဲ့ပြီးနောက်ပိုင်း ဖြစ်ပြီးတော့ ဒီအထဲကတချို့ဒေသတွေဟာဆိုရင် ၁ နှစ်နီးပါး အကြာရှိလာတဲ့အထိ မိုဘိုင်း ဖုန်းလိုင်းတွေမရဘဲ ဖြစ်နေပါတယ်။

ရသေ့တောင်ဒေသခံတယောက်က "ခုကျောက်တော်ဘက်ကို ဆေးခန်းလာပြနေလို့ ဖုန်းလိုင်းရနေတာပါ။ ဖုန်းလိုင်းပြတ်နေတာက ရသေ့တောင်မှာ တိုက်ပွဲစကတည်းကဆိုတော့ တော်တော်တော့ကြာပြီ။ အခက်အခဲကဖြစ်တာပေါ့။ ဘယ်သူနဲ့မှလည်းအဆက်သွယ်မရဘူး။ ဆက်သွယ်ရေးလိုင်းတွေ ပြတ်နေတော့ လုပ်ကိုင်စားသောက်ဖို့လည်း အရမ်းခက်ခဲတယ်။ ဘာသတင်းမှလည်း မသိရဘူး။ ကျန်းမာရေးနဲ့ပတ်သက်ရင်ဆို ပိုတောင်ဆိုးပါသေးတယ်"လို့ ပြောပါတယ်။ 

ဖုန်းလိုင်းတွေပြတ်နေတာဟာ ရသေ့တောင်မြို့နယ်အပြင် ဘူးသီးတောင်၊ မောင်တော၊ မာန်အောင်၊ သံတွဲ၊ အမ်းမြို့နယ်ကကျေးလက်ဒေသတချို့၊ မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးလက်ဒေသတွေ၊ ကျောက်တော်မြို့နယ်က ပီးချောင်းဒေသအပါအဝင် ကျေးလက်ဒေသ အများအပြားနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ပါဝင်ပါတယ်။

ဒီဒေသတွေဟာ မိုဘိုင်းဖုန်းလိုင်းတွေ လက်ရှိပြတ်တောက်နေတဲ့ဒေသတွေဖြစ်ပြီး ဒေသတွင်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေအပြင် သတင်းအချက်လက် ရယူနိုင်ရေးကဏ္ဍတွေမှာပါ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေပြီး လက်ရှိအချိန်ထိ စစ်ရေးပြင်းထန်နေဆဲဖြစ်တဲ့ မောင်တော ဒေသဘက်မှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေ အများအပြားရှိခဲ့ပေမဲ့ ဖုန်းလိုင်းတွေမရတာကြောင့် မသိရှိကြတာပိုများတယ်လို့ မောင်တော ဒေသကနေ မြောက်ဦးမြို့နယ်ဘက်ကို စစ်ရှောင်လာတဲ့ အမျိုးသားတယောက်က ပြောပါတယ်။ 

"စစ်တပ်(စစ်ကောင်စီတပ်)ရဲ့ မတရားလုပ်တဲ့ဟာတွေက အဲ့ဒီဘက်မှာအများကြီးပဲ။ တခြားမြို့နယ်က လူတွေခံရတာထက်သာပါသေးတယ်။  တခြားမြို့တွေမှာဆို တစုံတခုဖြစ်ရင် အများက ချက်ချင်းသိကြရတယ်။ တို့ဒေသမှာကျတော့ မသိရဘူး။  နဂိုတည်းက ဖုန်းလိုင်းတွေကောင်းတဲ့ ဒေသမဟုတ်တော့ စစ်ဖြစ်နေရင်ပိုဆိုးတာပေါ့။ ရွာတွေနဲ့အတူ လူတွေပါ မီးရှို့ခံကြရတာတွေလည်းကြားရတယ်။ ဒါပေမဲ့ အချက်လက်စုံစုံနဲ့ သိရဖို့က အဆက်သွယ်မရတော့ ခက်ခဲတယ်လေ" လို့ ပြောပါတယ်။

လက်ရှိ ရခိုင်ဒေသမှာ မိုဘိုင်းဖုန်းလိုင်းရရှိကြတဲ့မြို့နယ်တွေမှာလည်းပဲ အင်တာနက် မရရှိကြဘဲ ရှိနေပြီး အင်တာနက်လိုင်းဟာ ရခိုင်က ၁၇ မြို့နယ်မှာ ၂ မြို့နယ်လောက်သာ ရရှိနေတော့တာ တွေ့ရပါတယ်။

ဒီမြို့နယ်တွေကတော့ မြေပုံနဲ့ တောင်ကုတ်မြို့နယ်တို့ဖြစ်ပြီး ဒီအထဲကတောင်ကုတ်မြို့နယ်ဟာ လည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြတ်တာတွေမကြာခဏရှိနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ 

ရခိုင်ဒေသမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်စစ်ရေးပဋိပက္ခတွေကြား ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အချိန်ကြာမြင့်စွာပြတ်တောက်နေတာကြောင့် ဒေသနေသူတွေရဲ့ လူမှုစီးပွားရေးလည်ပတ်မှု၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ ဒေသတွင်း လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုပိုင်းတွေဟာ ခက်ခဲနှောင့်နှေးမှုတွေရှိလာနေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013