DVB Logo
Home
မြန်မာသတင်း
မိုင်းရယ်နှင့်ဖလမ်းတွင် စစ်တပ်က ဗုံးကြဲသဖြင့် သကြားစက်ရုံဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦး သေဆုံး
DVB
·
October 9, 2024
မိုင်းရယ်နှင့်ဖလမ်းတွင် စစ်တပ်က ဗုံးကြဲသဖြင့် သကြားစက်ရုံဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦး သေဆုံး
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့အနီး ရှန်တော်ရွာရှိ သံတောင်ဦး သကြားစက်ရုံကို အောက်တိုဘာ ၉ ရက် မနက် ၂ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် လူ ၂ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရကာ အဆောက်အဦ ထိခိုက်မှုရှိကြောင်း ဒေသခံတွဆီက သိရပါတယ်။

ဒေသခံတယောက်က “မိုင်းရယ်မြို့နားက သကြားစက်ရုံကို အောက်တိုဘာ ၉ ရက်နေ့ မနက် လေယာဥ်နဲ့ လာကြဲသွားတာ။ လေယာဥ်နဲ့ ဗုံး ၃ လုံး ကြဲသွားတာ” လို့ ပြောပါတယ်။

မိုင်းရယ်မြို့နယ်၊ ရှန်တော်ရွာရှိတဲ့ အဲဒီသကြားစက်ရုံဟာ သံတောင်ဦးကုမ္ပဏီပိုင် သကြားစက်ရုံ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “၂ ယောက်သေတယ်။ ၆ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက်သူတွေဟာ သကြားစက်ရုံဝန်ထမ်းတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွကိုတာ့ ကျေးသီးဆေးရုံဘက် ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာတော့ MNDAA ရဲ့ ယာယီ ရိက္ခာသိုလှောင်ရုံဖြစ်တဲ့ မိုင်းရယ် ရှန်တော်ရွာရှိ သကြားစက်ရုံကို စစ်ကောင်စီဘက်က အောက်တိုဘာ ၉ ရက် မနက် ၂ နာရီ ၂၀ မိနစ်လောက်မှာ လေကြောင်းနဲ့ ဗုံးကြဲခဲ့ပြီး သေဆုံးမှုရှိကြောင်းနဲ့ လက်ရှိ SSPP/SSA တပ်ဖွဲ့က တပ်ဖြန့်ထားပြီး MNDAA စစ်သားတွေ မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။

MNDAA ဘက်ကတော့ မိုင်းရယ် ရှန်‌တော်ရွာရှိ သံတောင်ဦး သကြားစက်ရုံ ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

လားရှိုးခရိုင်ထဲပါတဲ့ မိုင်းရယ်မြို့မှာတော့ လားရှိုးကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်တွေ စုဖွဲ့နေတာရှိပြီး SSPP/SSA တပ်ဖွဲ့က နေရာယူထားတဲ့ နယ်မြေလည်း ဖြစ်တယ်လို့ ဒေသခံတွက ပြောပါတယ်။

စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ လားရှိုးမြို့ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်ကစပြီး လက်ရှိအထိ စစ်ကောင်စီက လေကြောင်းနဲ့ ၁၀ ကြိမ်‌ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် နေအိမ်အဆောက်အဦ အများအပြား ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံပြည်သူတွ ထိခိုက် သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တောင်ယာလုပ်ကိုင်နေတဲ့ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံက သိရပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖလမ်းမြို့အနီးက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မြို့အရှေ့ဘက် တောင်ယာထဲ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၅၆ နှစ်အရွယ် Biak Kip Ceu ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “မြို့နားက ရွာ ၂ ရွာကို လေယာဉ်နဲ့ပစ်တာ၊ ရွာတရွာကတော့ စာသင်ကျောင်းနားကျတာ ဗုံး ၂ လုံး အထိအခိုက်မရှိဘူး၊ နောက်တရွာကတော့ ဗုံး ၅ လုံးကျတယ်၊ တောင်ယာဘက် ၃ လုံး ရွာထဲ ၂ လုံးကျတာ၊ လူကြီးတယောက်ဆုံးသွားတယ်၊ အိမ်အပျက်အစီးတွေလည်းရှိတယ်၊ ကလေးတချို့လည်း ဒဏ်ရာရကြတယ်၊ ရွာနာမည်ကတော့ လုံခြုံရေးအရ ပြောလို့မရပါဘူး” လို့ ပြောပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ကုန်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကလည်း ခလရ ၂၆၈ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဖလမ်းမြို့နယ်က အသက် ၄၀ ဝန်းကျင် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013