DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံရေး အဖြေရှာရန် ထိုင်းနိုင်ငံက လမ်းကြောင်းအသစ် အဆိုပြု
DVB
·
October 9, 2024
မြန်မာ့နိုင်ငံရေး အဖြေရှာရန် ထိုင်းနိုင်ငံက လမ်းကြောင်းအသစ် အဆိုပြု
Donate to DVB

လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်း ပိုဆိုးရွားလာတဲ့ ပြည်တွင်းစစ်ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းတွေရှာဖို့ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ထားပြီး ထိုင်းနိုင်ငံကတော့ မြန်မာ့နိုင်ငံရေး အဖြေရှာဖို့ လမ်းကြောင်းအသစ် အဆိုပြုထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးနေတဲ့  အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ အောက်တိုဘာ ၉ ရက် ဒီကနေ့ စတင်ကာ ၂ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကတော့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး တီမောလက်စ်တီနိုင်ငံက ကိုယ်စားလှယ်အဖွဲ့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။  မြန်မာနိုင်ငံကတော့ စစ်ခေါင်းဆောင် တက်ရောက်ခွင့်မရဘဲ စစ်ကောင်စီခန့် နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခွင့် ရခဲ့ပါတယ်။

လူပေါင်းသန်းနဲ့ချီ အိုးအိမ်စွန့်ခွာ နေစရာမဲ့ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းနဲ့ ပတ်သက်လို့ လာမယ့် ဒီဇင်ဘာလမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့  အလွတ်သဘော ဆွေးနွေးတိုင်ပင်ပွဲတခုကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အဆိုပြုခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က “စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူး၊ စကား စပြော ဆွေးနွေးဖို့ အချိန်ရောက်ပြီဆိုတာကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်တဲ့သူတွေ အားလုံးထံ အာဆီယံအနေနဲ့ တညီတညွတ်တည်း သတင်းစကားပါးသင့်တယ်။ ထိုင်းနိုင်ငံနေနဲ့ ကူညီဖို့အသင့်ပဲ” လို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့လည်း သဘောတူတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က အရိပ်အမြွက် ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ရှေ့ဆက်လုပ်တာနဲ့အမျှ နိုင်ငံရေးအခင်းအကျင်း ပိုကျယ်လာပြီး သက်ဆိုင်တဲ့အဖွဲ့တွေ အကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ မရှိမဖြစ် လိုအပ်လာမယ်။”

ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ နိကွန်းဒေချ်ဘာလန်ကူရကလည်း မြန်မာနိုင်ငံတွင်းမှာ ဘက်အားလုံးအကြား ဆွေးနွေးတိုင်ပင်မှုတွေရှိဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ အားပေးတဲ့အကြောင်း ဗီယန်ကျန်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ မြန်မာနိုင်ငံရဲ့ တခြားဩဇာရှိတဲ့ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့အနေနဲ့ အဓိကနေရာက ပါသင့်တယ်လို့ ပြီးခဲ့တဲ့လတွေက ပြောခဲ့တဲ့အတိုင်း ဆက်လက်ရပ်တည်တယ်လို့  ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။

အခုတကြိမ်ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပြည်တွင်းစစ် ပဋိပက္ခအရေးနဲ့ ပိုင်နက်အငြင်းပွားနေတဲ့  တောင်တရုတ်ပင်လယ် အရေးကိစ္စတွေ အဓိက လွှမ်းမိုးနေတယ်လို့ အေဂျင်စီသတင်းတွေမှာ ဖော်ပြပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့အတူ အာဆီယံ မိတ်ဖက်နိုင်ငံတွေအကြား တခြားဆက်စပ် အစည်းအဝေးတွေလည်း ကျင်းပဖို့ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကနေဒါဝန်ကြီးချုပ် ထရူးဒိုး၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘ၊ တရုတ်ဝန်ကြီးချုပ် လီချင်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်တို့လည်း တက်ရောက်ဖို့ ရှိပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ချမှတ်ထားတဲ့  အချက် ၅ ချက်ပါ အာဆီယံဘုံ သဘောတူညီချက်ဟာလည်း မြန်မာစစ်အာဏာရှင်ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် တချက်မှ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ 

Source:Reuters

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013