DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် သန်းခေါင်စာရင်းကောက်ယူချိန် လူမရှိ‌သည့်အိမ်များကို ဧည့်စာရင်းစစ် ဒဏ်ရိုက်
DVB
·
October 7, 2024
ရန်ကုန်တွင် သန်းခေါင်စာရင်းကောက်ယူချိန် လူမရှိ‌သည့်အိမ်များကို ဧည့်စာရင်းစစ် ဒဏ်ရိုက်
Donate to DVB

ရန်ကုန်မြို့က မြို့နယ်တွေမှာ အောက်တိုဘာ ၁ ရက်က စတင်တဲ့ စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူနေချိန်မှာ လူမရှိတဲ့ နေအိမ်နဲ့ အဆောင်တွေကို ဧည့်စာရင်းစစ်ဆေး ဒဏ်ရိုက်‌နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က လူဦးရေစာရင်းကောက်မယ့်ရက်နဲ့ အချိန်ကို ကြိုတင်အသိပေးတဲ့ စာရွက်တွေ လာရောက်ဝေငှသွားပေမဲ့ ရေးထားတဲ့အချိန်အတိုင်း ရောက်မလာတာကြောင့် အလုပ်ပျက်မခံနိုင်တဲ့ လက်လုပ်လက်စားတွေနဲ့ ဝန်ထမ်းတွေဟာ အလုပ်သွားနေကြရပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ဒီတဆောင်လုံးကို ၃ ရက်နေ့မှာ စာရင်းလာကောက်မယ်ဆိုပြီး စာရွက်ကမ်းသွားတယ်။ မနက် ၇ နာရီလို့ ရေးထားတယ်။ မနက် ၉ နာရီလောက်အထိ မလာကြတော့ ကလေးတွေကလည်း အလုပ်အပျက်မခံနိုင်ကြတော့ သွားကုန်တာ။ သူတို့ ဧည့်စာရင်းစာရွက်တွေတော့ ပေးခဲ့တယ်။ ညနေ ၃ နာရီလောက်မှ ရပ်ကွက်လူကြီးတွေ လာကောက်တာ ဆရာမတွေရော။ ဧည့်စာရင်းတွေပြလည်း မရဘူး၊ တခန်းမှာ တယောက်ရှိရမယ် ပြောပြီး တဆောင်လုံး ချန်သွားတာ။ အဲဒီညပဲ စစ်သားတွေရော ရဲတွေရော ပါတယ်၊ ဧည့်စာရင်းလာစစ်တယ်ဆိုပြီး အခန်းတွေထဲအထိ ဝင်ရှာတာ။ ဧည့်စာရင်း ရက်ကျော်တွေဆို တခန်းကို သဲအိတ် ၁၀ အိတ်ပေးရတယ်” လို့ ပြောပါတယ်။

လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ဟာ ရပ်ကွက်နေသူတွေရဲ့ လူဦးရေစာရင်းအပြင် သံဃာနဲ့ သီလရှင်စာရင်းတွေ၊ ဘာသာရေးကျောင်းတွေက လူအရေအတွက်စာရင်းနဲ့ ပိုင်ဆိုင်မှုတွေကိုပါ စစ်ဆေးကောက်ယူနေတဲ့အပြင် ဒုလ္လဘရဟန်း၊ အာဂန္တုရဟန်းနဲ့ ပြည်သူ့စစ်မှုထမ်းအမိန့် ထုတ်ပြန်တဲ့ ခုနှစ်နောက်ပိုင်း သာသနာ့ဘောင်ဝင်လာသူတွေကို သီးခြား စာရင်းကောက်ယူနေပါတယ်။

လူဦးရေစာရင်းကောက်ယူရေး ကော်မတီဝင်တယောက်က “စာရင်းလာကောက်ပြီးသား အိမ်တွေက ကောက်ယူပြီးကြောင်း စတစ်ကာတွေ အိမ်ရဲ့အဝင်အဝမှာ ကပ်ထားခိုင်းပါတယ်။ ရောက်ပြီး လူမရှိတဲ့အိမ်တို့၊ အဆောင်တို့၊ အဲဒီနေ့မှာမှ ခရီးသွား၊ အလုပ်သွားနေသူတွေရဲ့ အိမ်က သီးခြားစာရင်း ရှိပါတယ်။ စာရင်းကောက်မယ်လို့ စာရွက်လိုက်ကမ်းကတည်းက အဲဒီနေ့မှာ ဖြေဆိုနိုင်တဲ့ တဦးဦးရှိနေဖို့ မှာထားပြီးသားပါ။ ဧည့်စာရင်းဝင်စစ်တာတော့ ဦးလေးတို့အပိုင်းမဟုတ်တော့ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ကောက်ယူနေတဲ့ ၆၈ ချက်ပါ သန်းခေါင်စာရင်းမှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ထုတ်ပြရတာမျိုး မရှိပေမဲ့ အရပ်သားတွေရဲ့ ကား၊ အိမ်၊ ဖုန်း၊ ဆင်းမ်ကတ်အမျိုးအစားနဲ့ နံပါတ်၊ ကွန်ပျူတာ စတဲ့ ပိုင်ဆိုင်မှုတွေအပြင် လိင်၊ အိမ်ထောင်နဲ့ သားသမီး ရှိ/မရှိ၊ ပညာအရည်အချင်း၊ ဝိုင်ဖိုင်တပ်ဆင်မှု၊ ကျန်းမာရေးအခြေအနေ၊ ပညာမသင်ရခြင်း အကြောင်းတွေထဲမှာ CDM ဟုတ်/မဟုတ် ရည်ညွှန်းထားတဲ့ အချက်အလက်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013