DVB Logo
Home
မြန်မာသတင်း
ဒေါက်တာဇော်မြင့်မောင်၏  ဈာပနကို အောက်တိုဘာ ၈ ရက်ကျင်းပမည်  
DVB
·
October 7, 2024
ဒေါက်တာဇော်မြင့်မောင်၏  ဈာပနကို အောက်တိုဘာ ၈ ရက်ကျင်းပမည်  
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဒုဥက္ကဋ္ဌ-(၂) ဒေါက်တာဇော်မြင့်မောင် အသက် ၇၃ နှစ်ရဲ့ ဈာပနကို မန္တလေးမြို့မှာ အောက်တိုဘာ ၈ ရက်မှာ ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။ 

အောက်တိုဘာ ၇ ရက် ဒီမနက် ၃ နာရီဝန်းကျင်မှာ သွေးကင်ဆာရောဂနဲ့ ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို မနက်ဖန် အင်္ဂါနေ့ မနက် ၁၀ နာရီမှာ နေအိမ်ကနေ  တောင်အင်းမြောက်အင်းသုသာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်သွားမှာ ဖြစ်ပါတယ်။ 

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို မိသားစုနေအိမ်တည်ရှိရာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်၊ ဓမ္မာရုံလမ်းမိသားစုနေအိမ်ဆီကို သယ်ယူပြင်ဆင်ထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင် အဖမ်းမခံရခင်ကတည်းက သွေးကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပြီး စစ်အာဏာသိမ်းတဲ့ကာလတလျှောက် ကောင်းမွန်တဲ့ ဆေးဝါးကုသခံယူခွင့်မရခဲ့ဘူးလို့ အိုးဘိုအကျဉ်းထောင်ထဲမှာ အတူနေထိုင်ခဲ့ဖူးသူတချို့က ပြောပါတယ်။

ရောဂါအခြေအနေဆိုးရွားချိန်ရောက်မှ ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်ထဲကနေ ပြင်ပဆေးရုံကို ပြောင်းရွှေ့ခွင့်ရခဲ့ပြီး မကွယ်လွန်ခင်နာရီပိုင်းအလိုမှ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာချက်လာရောက်ဖတ်ပြခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုက အခြေအနေကို မိသားစုရဲ့ မိတ်ဆွေတယောက်က “ဆရာ့အခြေအနေက ဆိုးတယ်တဲ့။ အောက်စီဂျင်ဖြုတ်လိုက်ရင်ကို ဆုံးမယ့် သဘောရှိတယ်တဲ့။ ဒါပေမဲ့ ဘယ်တုန်းကမှ မိသားစုတွေအတွက်ဆို အရေးလုပ်တာ မဟုတ်ဘူးတဲ့။ သူ တိုင်းပြည်အတွက်ပဲ လုပ်တာကို အခုကျတော့ မိသားစုတွေကို တွေ့ချင်တာတဲ့။ အဲ့ဒီတော့ကျတော့ ရန်ကုန်ကလူတွေက ဗီဒီယိုခေါ်ပြော ဘာညာဆိုပေမဲ့ အစ်ကိုဘာမှ မပြောနိုင်တော့ဘူးတဲ့။ သူ မခံနိုင်တော့ဘူး၊ လက်မောင်းလေးကိုင်ရင်တောင် နာတယ်တဲ့၊ ပါးစပ်ထဲမှာလည်း အနာတွေပေါက်တယ်တဲ့”လို့ ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ NLD ဒုဥက္ကဋ္ဌ ၂ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး လူချစ်လူခင်ပေါများတဲ့ နိုင်ငံရေးသမားတယောက် ဖြစ်တာကြောင့် ဈာပနမှာ လူစုလူဝေးဖြစ်ပြီး ပြဿနာဖြစ်လာနိုင်တာကို စစ်ကောင်စီက မလိုလားတဲ့အခြေအနေတွေလည်း ရှိနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေကလည်း  ဒေါက်တာ ဇော်မြင့်မောင်ရဲ့  နေအိမ်ဝန်းကျင်မှာ ဝင်ထွက်သွားလာသူတွေကို စောင့်ကြည့်နေပါတယ်။ 

၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အမှု ၉ မှုနဲ့ စွပ်စွဲ တရားစွဲခဲ့ပြီး ထောင်ဒဏ် ၂၉ နှစ်အထိ ချမှတ်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တွေမှာလည်း သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ အကြိမ်ကြိမ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတယောက်လည်း ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအားလုံးမှာ NLD ကိုယ်စားပြုပြီး ဒေသခံပြည်သူတွေရဲ့ထောက်ခံမှုနဲ့ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်တို့ အပါအဝင် အသက်ကြီးဝါကြီး ဝန်ကြီးချုပ်အဆင့်ခေါင်းဆောင်တွေ၊ ပါတီထိပ်တန်းခေါင်းဆောင်တွေလည်း ကျန်ရှိနေတာပါ။

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ဟာလည်း ကိုဗစ်ကာလမှာ ဆေးကုသခွင့် ကောင်းကောင်းမရခဲ့ဘဲ ကွယ်လွန်ခဲ့ရသလို မုံရွာအောင်ရှင်ဟာလည်း အကျဉ်းထောင်က လွတ်မြောက်ပြီး မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့ရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013