DVB Logo
Home
မြန်မာသတင်း
သမဂ္ဂဖွဲ့စည်းရန် စုစည်းထားသည့်စာရင်းကို အလုပ်သမားရုံး ဦးစီးမှူးက ဆွဲဖြဲလွှင့်ပစ်
DVB
·
October 6, 2024
သမဂ္ဂဖွဲ့စည်းရန် စုစည်းထားသည့်စာရင်းကို အလုပ်သမားရုံး ဦးစီးမှူးက ဆွဲဖြဲလွှင့်ပစ်
Donate to DVB

အင်းစိန်မြို့နယ်က Golden Colour Fashion (Myanmar) စက်ရုံမှာ သမဂ္ဂဖွဲ့စည်းဖို့ အလုပ်သမား ၁၀ ရာခိုင်နှုန်း ထောက်ခံထားတဲ့ စာရင်းစာရွက်ကို အဲဒီမြို့နယ်က အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးမှူးက ဆွဲဖြဲပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM) တာဝန်ရှိသူတယောက်က ပြောပါတယ်။

သမဂ္ဂဖွဲ့စည်းဖို့အတွက် စက်ရုံအလုပ်သမားတွေက ကောက်ယူထားတဲ့ ၁၀ ရာခိုင်နှုန်း ထောက်ခံချက် စာရင်းစာရွက်ကို စက်လိုင်း ၁ All Super ဆိုသူက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC)နဲ့ ငြိစွန်းတယ်ဆိုပြီး ခြိမ်းခြောက်သိမ်းဆည်းပြီးနောက် အဲဒီစက်ရုံကိုရောက်ရှိနေတဲ့ အလုပ်သမားရုံး ဦးစီး ၃ ယောက်ဆီ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

စက်ရုံဆင်းချိန်မှာ အလုပ်သမားတွေက မန်နေဂျာရုံးခန်းကိုသွားပြီး သိမ်းဆည်းထားတဲ့ စာရင်းစာရွက်တွေကို ပြန်တောင်းရာမှာ စာရွက်တွေကို မနက်ကတည်းဖြဲပစ်လိုက်ပြီး အမှိုက်ပုံးထဲရောက်သွားပြီလို့ မြို့နယ် ဦးစီးမှူးက ပြောတယ်လို့ STUM တာဝန်ရှိသူက ဆိုပါတယ်။

“တော်တော်ကိုလူဝါးဝတဲ့ကိစ္စ။ အဲဒီဦးစီးမှူးကိုယ်တိုင်က အဲဒီ စာရင်းစာရွက်ကို လက်ခံပြီး သမဂ္ဂဖွဲ့စည်းရေးအတွက် လုပ်ပေးရမှာ။ သူကိုယ်တိုင် ဖွဲ့စည်းခွင့်မရှိဘူးဆိုပြီး ဆွဲဖြဲတာ အတော့်ကို ရုပ်ပေါက်တယ်။ ဥပဒေကြောင်း နားမလည်တာလား၊ အလုပ်ရှင်ဘက်က ပြောင်ရပ်တည်တာလား မပြောတတ်ဘူး”

မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်နေတယ်လို့ ILO အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခံထားရပြီး အရေးယူဖို့ရှိနေချိန်မှာ အခုလို သမဂ္ဂဖွဲ့စည်းခွင့်ပိတ်ပင်တဲ့ လုပ်ရပ်ထပ်ပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အခုလုပ်ရပ်မှာပါဝင်တဲ့ မြို့နယ်အလုပ်သမားဦးစီးမှူးတွေကို စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ဘယ်လိုအရေးယူမယ်ဆိုတာကို စောင့်ကြည့်မှာဖြစ်ပြီး လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်ရာမှာ ပါဝင်ပတ်သက်သူတွေကို မှတ်တမ်းတင်ထားတယ်လို့ STUM က ဆိုပါတယ်။

အဲဒီ Golden Colour Fashion (Myanmar) စက်ရုံဟာ တရုတ်နိုင်င်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၆၀၀ ကျော်နဲ့လည်ပတ်နေတယ်လို့ စက်ရုံလုပ်သားတွေဆီကသိရပါတယ်။

စက်ရုံတာဝန်ရှိသူတွေက စက်တင်ဘာလမှာ နေ့တွက်ကြေး ၁၁,၀၀၀ ကျပ်နဲ့ အချိန်ပိုကြေး ၁ နာရီ ၂,၂၀၀ ကျပ်တိုးပေးမယ်လို့ အသိပေးပြောကြားခဲ့ပြီး လစာထုတ်ဖို့ရက်ပိုင်းအလိုမှာ နေ့တွက်ကြေး ၆,၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးမယ်ဆိုတာကြောင့် အလုပ်သမားတွေနဲ့ အငြင်းပွားတာတွေ ရှိနေတယ်လို့လည်း စက်ရုံလုပ်သားတချို့က ဆိုပါတယ်။

စက်ရုံလုပ်သားတယောက်က “အလုပ်သမားတွေကို လုပ်ခတိုးပေးမယ် မက်လုံးပေးပြီးခိုင်းတာ။ ၃ လ လောက် လုပ်ရမယ့် အော်ဒါလက်ကျန်ကို တလနဲ့ပြီးအောင်လို့ခိုင်းတယ်။ လစာထုတ်တော့မယ် ဆိုမှ စကားပြောင်းပြီး တိုးမပေးတော့ဘူး ဖြစ်လာတာ” လို့ ပြောပါတယ်။

လက်ရှိ အဲဒီစက်ရုံမှာ အော်ဒါလက်ကျန်မရှိတော့သလို စက်ရုံပိုင်ရှင်လည်း အဝေးရောက်နေတာကြောင့် အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံပိတ်သိမ်း ရှောင်ပြေးမှာကို အလုပ်သမားတွေ စိုးရိမ်နေကြတယ်လို့ အဲဒီစက်ရုံအလုပ်သမားအရေး ကူညီပေးနေသူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013