
နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ဒေသမှာ NGO/INGO တွေရဲ့ ထောက်ပံ့မှုတချို့ ရပ်ဆိုင်းနေပြီး ဒေသတွင်း လုပ်ငန်းလည်ပတ်မှုတွေဟာလည်း လျော့ကျနေတယ်လို့ သိရပါတယ်။
NGO/INGO တွေဟာ မတည်ငြိမ်တဲ့အခြေနေတွေကြောင့်တကြောင်း၊ လမ်ကြောင်းတွေ ပိတ်ဆို့ခံထားရတဲ့ အခြေအနေတွေကြောင့်တကြောင်း လုပ်ငန်းတွေပုံမှန် မလည်ပတ်နိုင် တဲ့အတွက် တချို့ထောက်ပံ့တာတွေကို လျှော့ချခဲ့ရတယ်လို့ စစ်တွေက NGO ဝန်ထမ်းတယောက်က ပြောပါတယ်။
“ကျနော်တို့မှာ လုပ်ငန်းဆောင်ရွက်ချက်တွေမတင်ပြနိုင်ရင် အဲဒီပရိုဂျက်ကို ဆက်ပြီးလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခြေအနေတွေလည်း လုပ်ချင်တိုင်းလုပ်ခွင့်မရတဲ့အခြေအနေတွေဖြစ်နေတယ်။ တချို့ဒေသတွေသွားခွင့်မရဘူး။ ဒါကြောင့် ထောက်ပံ့မှုတွေကို ရပ်ခဲ့ရတာတွေရှိပါတယ်။ ဒါက အဓိက လိုအပ်နေတဲ့သူတွေအတွက် အများကြီးနစ်နာမှုရှိပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးတဲ့ ဒေသတွေမှာလည်း ကိုယ်ရေးအချက်လက်မဖော်ပြလိုတဲ့ NGO/INGO တွေဟာ ဒေသတွင်းလုပ်ငန်းလည်ပတ်နိုင်ရေး အခက်တွေ့နေတဲ့အတွက် အထောက်အပံ့ ပေးနိုင်တာတွေဟာ လျော့ပါးနေရတယ်လို့ မြောက်ဦးမြို့နယ်က INGO ဝန်ထမ်းတယောက်က ပြောပါတယ်။
“ဒီဘက်မှာကျတော့ လမ်းကြောင်းတွေဘာတွေ သိပ်အဆင်မပြေမဖြစ်တော့ဘူး။ အာဏာပိုင်တွေနဲ့လည်း ညှိလုပ်နိုင်ရင်အဆင်ပြေတော့ အစီစဉ်တွေပြန်လုပ်လာကြတာရှိပါတယ်။ ဒါပေမယ့် ကိုယ်ရေးအချက်လက်မထုတ်ဖော်ချင်တဲ့ အဖွဲ့တွေလည်းရှိကြတယ်။ ဒီအဖွဲ့တွေကျတော့ သိပ်အဆင်မပြေဘူး။ ဘာလို့ဆို ဒေသတခုသွားရင် အဲဒီဒေသက အာဏာပိုင်တွေကို အကုန်အသေးစိတ် တင်ပြရတာတွေရှိနေတယ်။ ဒါက သူတို့အတွက်မဖြစ်နိုင်တော့ ထောက်ပံ့မှုတွေ ရပ်လိုက်ကြတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ရခိုင်ဒေသမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် NGO/INGO ၂၀ လောက်ရှိပြီး အဲဒီ အဖွဲ့အစည်းအားလုံးဟာ လတ်တလောအခြေနေအရ ဒေသတွင်းအထောက်ပံ့ပေးနိုင်မှုနှုန်း ၃ ပုံ ၁ ပုံလောက် ကျဆင်းသွားတယ်လို့ သိရပါတယ်။
ထောက်ပံ့တာတွေလျော့သွားလို့ အကျိုးခံစားခွင့်ရှိသူတွေ အများကြီးနစ်နာရတယ်လို့ ပေါက်တောမြို့နယ်၊ ဆင်တက်မော်မွတ်ဆလင်ဒုက္ခသည်စခန်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကျနော်တို့ဆို WFP က လစဉ်ထောက်ပံ့နေတဲ့ ရိက္ခာအထောက်ပံ့မရတာ ၅ လလောက်ရှိပါပြီ။ အာဟာရပြတ်နေတဲ့သူတွေလည်းအများကြီးပဲ။ ကျနော်တို့ကို သတင်းပဲလာလာမေးနေကြတယ်။ ဘာ ထောက်ပံ့ကူညီမှုမှလည်းမပေးကြတော့ဘူး။ စခန်းမှာ တော်တော်အခက်အခဲ ဖြစ်နေကြပါတယ်” လို့ ပြောပါတယ်။
ရခိုင်ဒေသဟာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြား အထိအခိုက် အများဆုံးအခြေအနေနဲ့ ကြုံနေကြရပြီး ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနဲ့ တခြားဖွံဖြိုးရေးကဏ္ဍတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကို အများကြီး လိုအပ်နေပါတယ်။