DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို AA ကြိုဆို
DVB
·
March 26, 2024
ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို AA ကြိုဆို
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ရေး အသာရနေတဲ့အပြင် ရခိုင်ပြည်နယ်တပြည်လုံးကို သိမ်းပိုက်ဖို့အတွက် ပြင်ဆင်နေတဲ့ ရက္ခိုင့်တပ်တော် (AA)ဟာ  ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်နဲ့ စေတနာရှိပြီးတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတယ်လို့ မတ် ၂၅ ရက်မှာ  ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရှိ ကူးသန်းရောင်းဝယ်ရေး အချက်အချာကျတဲ့ မြို့တွေကို သိမ်းပိုက်ထားတဲ့အပြင်၊ သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးစတင်လည်ပတ်နေပြီးတော့ ဒေသန္တရဖွံ့ဖြိုးတိုး တက်ရေးနဲ့ စည်ပင်သာယာရေးကို အားတိုက်အင်တိုက်နဲ့ လုပ်ဆောင်နေတဲ့ အချိန်အတွင်းမှာ AA က အခုလို ထုတ်ပြန်လိုက်တာပါ။

ရက္ခိုင့်တပ်တော်ဟာ ရခိုင်ဒေသတွင်းတည်ငြိမ်မှုရရှိအောင် စနစ်တကျထိန်းသိမ်းသွားပြီး၊ စီးပွားဒေသဖွံ့ဖြိုးရေးတို့အတွက် အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်တွင်းလာရောက်ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်တွေကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ထားမှာဖြစ်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့်သူတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ AA က ထုတ်ပြန်ပါတယ်။

AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ မိုင်းရှင်းလင်းရေး၊ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးနဲ့ စီးပွားရေးပြန်လည်ပတ်နိုင်ရေးအပြင် ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှု စတဲ့ အခက်အခဲတွေကို အရပ်ဘက်ပြည်သူတွေအနေနဲ့ ရင်ဆိုင်နေရပြီး ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက်  လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အဓိက စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ရေးပေါ့၊ ကုန်ဈေးနှုန်းတွေအဆမတန်တက်လာတာ၊ အရင်းအမြစ်တွေရှားလာတာ၊ စီးပွားရေးပြန်လည်လည်ပတ်ဖို့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေလုပ်ဖို့ စည်ပင်သာယာရေးလုပ်ငန်းတွေကိုတော့ မြို့ရွာအလိုက် AA ဘက်ကနေ တတ်နိုင်သလောက် လုပ်နေတာတော့ရှိတယ်။ အရပ်ဘက် ပြည်သူတွေပါ ကိုယ့်တိုင်းပြည် ကိုယ့်ရွာကို ချစ်တဲ့စိတ်နဲ့ ပူးပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ထားတာရှိတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့သာ ကျန်ပြီးတော့ ဒီမြို့တွေထဲက အမ်း၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တောမြို့တို့မှာ စစ်ကောင်စီနဲ့ အေအေတို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

AA အနေနဲ့ ရခိုင်ပြည်တပြည်နယ်လုံးကို စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်အောင်၊ နိုင်ငံရေးရည်မှန်းချက်အရ ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းရှိပြီးတော့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ကိုယ် လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲမှာ ပူးတွဲနေထိုင်နိုင်ရေး မနိုင်ရေးကို ရေရှည်မှာစဥ်းစားမယ်လို့ မတ် ၄ ရက်  သတင်းစာရှင်းလင်းပွဲမှာ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ အဆင်းရဲဆုံးနဲ့ ပဋိပက္ခတွေရှုပ်ထွေးတဲ့ ဒေသတွေ ဖြစ်တဲ့အပြင် ရခိုင်ဒေသက ကျောက်ဖြူမြို့မှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့   ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းတွေအပြင် အိန္ဒိယရဲ့ ကုလားတန်မြစ်စီမံကိန်းတွေလည်း ရှိပါတယ်။

တရုတ်၊ အိန္ဒိယစတဲ့ နိုင်ငံကြီးတွေက ပြုလုပ်တဲ့ စီမံကိန်းတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ မြေယာမြေတွေ အဓမ္မအသိမ်းခံရမှု၊ ဒေသခံလုပ်သားတွေကို အလုပ်သမားအခွင့်အလမ်းမရတဲ့ အပြင် ခေါင်းပုံဖြတ်ခံရမှု စတဲ့ကိစ္စတွေကို ကြုံတွေ့ ခဲ့ရပါတယ်။

သာဇံမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013