DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းသင့်ရခိုင်ဒေသက လယ်သမားများ စပါးပြန်စိုက်ရန်  အခက်ခဲမျိုးစုံကြုံတွေ့နေ 
DVB
·
July 2, 2023
မုန်တိုင်းသင့်ရခိုင်ဒေသက လယ်သမားများ စပါးပြန်စိုက်ရန်  အခက်ခဲမျိုးစုံကြုံတွေ့နေ 
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ လယ်သမားတွေ လယ်ယာလုပ်ငန်းခွင် ပြန်စတင်နေပြီဖြစ်ပေမဲ့ စက်သုံးဆီ၊ မျိုးစပါးစတဲ့ သွင်းအားစုတွေ အကူအညီမရတာ၊ လုပ်သားရှားပါးတာနဲ့ လယ်ထဲဆားငံရေတွေဝင်နေတာ စတဲ့  အဆင်မပြေမှုတွေ  အများကြီးရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတဦးက “လယ်ယာလုပ်ငန်းခွင် စတင်တာတော့ သိပ်မကြာ သေးဘူး။ လယ်ယာလုပ်ငန်းမှာ အဆင်မပြေတာတွေ အများကြီးရှိနေတယ်။  စက်မောင်းဆီ စျေးနှုန်းတွေလည်း မြင့်တက်နေတယ်။  လျှပ်စစ်မီးပြတ်နေလို့ ထွန်စက်တွေပျက်ခဲ့ရင် ပြုပြင်လို့ အဆင်မပြေဘဲ မြို့ကို သွားဖို့ကလည်း စက်လှေနဲ့ မြစ်ကူးပြီး သွားလာရတာကြောင့် အခက်ခဲတွေဖြစ်နေတယ်”လို့ ပြောပါတယ်။

မိုခါမုန်တိုင်းတိုက်ခတ်တုန်းက လယ်မြေတွေထဲကို  ဒီရေတွေဝင်ရောက်ခဲ့တာကြောင့် ဒီရေနဲ့အတူ ဆားငံရေတွေပါဝင်လာတာဖြစ်ပြီး ဒီနှစ်အတွက်တော့ စိုက်ပျိုးဖို့  အဆင်ပြေမယ်မထင်ဘူးလို့ လယ်သမားတွေက ပြောပါတယ်။

မကျည်းချောင်းကျေးရွာက လယ်သမား  ဦးမောင်လှထွန်းက  “မိုခါမုန်တိုင်းကြောင့် ဆည်မြောင်းတွေ ကျိုးပေါက်ကာ  လယ်ကွင်းတွေကို ဆားငံရေတွေ ဝင်ရောက်ခဲ့ပါတယ်။ အဲဒီကျိုးပေါက်သွားတဲ့ ဆည်မြောင်းတွေကို ပြန်လည် ဆည်ဖို့နိုင်အောင် လယ်သမားတွေဆီကနေ  ၁ ကာနီ (ဒသမ ၄၀ ဧက) ကို ကျပ် တသောင်း နှုန်းကောက်ခံပြီး ပြန်လည် ဆည်ဖို့ခဲ့ပေမဲ့ မြေတွေပြိုကျတာကြောင့် အခက်ခဲတွေ ဖြစ်နေကြတယ်”လို့ ပြောပါတယ်။

လယ်ကွင်းထဲကို ဆားငံရေတွေဝင်လို့ အခုနှစ်မှာ စိုက်ပျိုးရေးလုပ်ဖို့ ခက်ခဲနေသလို နောက်နှစ်တွေမှာလည်း လုပ်ကိုင်စားသောက်ဖို့ အခက်ခဲတွေ ဖြစ်သွားနိုင်တယ်လို့ လယ်သမားတွေထံက သိရပါတယ်။

လယ်သမား ဦးမောင်လှထွန်းက  “ကျနော်ကတော့ လယ်ယာလုပ်ငန်းကို မိရိုးဖလာ လုပ်ငန်းတခုအဖြစ် ဝမ်းရေးအတွက် လုပ်ကိုင်တာဖြစ်တယ်။ ဆည်မြောင်းတွေကျိုးပေါက်ပြီး ဆားငံရေတွေဝင်ရောက်ရင်တော့ ဝမ်းစာ ရရှိမှာမဟုတ်ဘူး။ ဆည်မကျိုးဘဲ ဆားငံဒီရေတွေ မဝင်ဘူးဆိုရင်တော့ ဝမ်းစာ မပြည့်တပြည့်တော့ ရရှိတယ်”လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် သာယာကုန်းကျေးရွာနေ လယ်သမား ကိုမောင်သန်းလွင်ကလည်း “ကျနော်တို့ ပင်ပင်ပန်းပန်း လုပ်ကိုင်ထားပေမဲ့လည်း ဒီရေမြင့်တက်ပြီး တာတွေ ကျိုးပေါက်သွားရင် ဘာမှသုံးစားလို့မရတော့ဘူး။ အခုလည်း ဆည်မြောင်းတွေကို ရွာသားတွေက ကိုယ်ထူကိုထ ဆည်ဖို့ နေကြပြီး ငွေကြေးအင်အားမတတ်နိုင်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ကူညီပေး စေချင်တယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လယ်လုပ်ငန်းလုပ်ကိုင်တာဟာ စီးပွားဖြစ်လုပ်ကိုင်တာမျိုး မဟုတ်ဘဲ မိရိုးဖလာ လုပ်ငန်းတခု အနေနဲ့သာ လုပ်ကိုင်ကြကာ လယ်လုပ်ငန်းလုပ်ကိုင်လို့ အဆင်မပြေတာကြောင့် အလုပ်လုပ်နိုင်တဲ့ ရခိုင်လူငယ်တွေက နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်ကြတာ များပါတယ်။

ဒါကြောင့် လယ်ယာလုပ်ငန်းမှာ လုပ်ကိုင်နိုင်မယ့် လုပ်သားအင်အားလည်းရှားပါးနေသလို  လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုတဲ့ ခိုင်းကျွဲနွားတွေလည်း သိန်းနဲ့ချီ သေဆုံးသွားခဲ့လို့  တောင်သူတွေ အခက်ကြုံနေရပါတယ်။

ဒီဒေသမှာတော့ လယ်သမားတွေကို ဘယ်အဖွဲ့စည်းကမှ ထိထိရောက်ရောက် ကူညီထောက်ပံ့တာမရှိဘဲ မိုခါမုန်းတိုင်းကြောင့် မျိုးစပါးတွေပျက်စီးသွားလို့ ကျန်နေခဲ့တဲ့ သူတွေဆီကနေ ချေးငှားပြီး စိုက်ပျိုးနေကြရပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးခေါင်တဲ့ အချိန်တုန်းကလည်း သီးနှံအထွက်နှုန်းတွေ ကျဆင်းပြီး အခုလည်း မုန်တိုင်းကြောင့် ဓာတ်မြေသြဇာ တအိတ်ကို ကျပ် ၁၅၀၀၀၀ အထိ စျေးနှုန်းမြင့်တက်နေလို့ စိုက်ပျိုးထားတဲ့ လယ်မြေတွေကို ဓာတ်မြေသြဇာမကြဲနိုင်ကြဘူးလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ အသားတင်စိုက်ပျိုးမြေဧက ၆၀၀၀၀ ကျော်ရှိတဲ့အနက် လယ် ဧက ၅၉၈၅၈ ဧကရှိပြီး မိုခါမုန်တိုင်းနဲ့အတူ ပင်လယ်ဒီရေတွေမြင့်တက်ကာ ဆားငန်ရေတွေဝင်ရောက်ခဲ့လို့ လယ်မြေတွေအားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013