DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဘတ်စ်ကားမီးလောင် သေဆုံးခဲ့ရသူများ၏  ဈာပနကျင်းပ
DVB
·
October 4, 2024
ထိုင်းတွင် ဘတ်စ်ကားမီးလောင် သေဆုံးခဲ့ရသူများ၏  ဈာပနကျင်းပ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က လေ့လာရေးခရီးထွက်ရင်း ကားမီးလောင်ကာ သေဆုံးခဲ့ရတဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာမတို့ရဲ့ ဈာပန အခမ်းအနားကို ထိုင်းအစိုးရက တာဝန်ယူကျင်းပ ပေးနေပါတယ်။

အခမ်းအနားကို သေဆုံးသွားသူတို့ရဲ့  စာသင်ကျောင်းဖြစ်တဲ့ အူထိုင်းဌာနီခရိုင် ခေါဝ်ဖယား ဆန်ခလမ်းကျောင်းမှာ ကျင်းပပြီး အောက်တိုဘာ ၃ ရက်  ညပိုင်းကစတင်ကာ အသုဘရှု တရားနာ ခဲ့ပါတယ်။

အခမ်းအနားပြင်ဆင်ဖို့ ပန်းတွေကို တခြားခရိုင်မှ အလှူရှင်တွေကိုယ်တိုင် ပန်းတွေယူလာပြီး အခမဲ့ ဆင်ယင်ပေးခဲ့ကြတယ်။ အဖြူရောင်ဒေစီပန်းတွေကို အဓိကထားဆင်ယင်ပြီးသစ်ခွပန်း တမျိုးတည်းတင် အလေးချိန် ၁၀၀၀ ကီလိုဂရမ်ထိ သုံးခဲ့ပါတယ်။ သတင်းကြားသိပြီး ကတည်းက ဒီအသုဘကို လာရောက်ကူညီဖို့စိတ်က အလိုလိုလှုံ့ဆော်နေတာလို့ ချင်းမိုင်မှ ပန်းအလှူ ရှင်တယောက်က  သတင်းထောက်ကို ပြောပါတယ်။

ဆရာမ ၃ ယောက်ရဲ့ အသုဘကို အလယ်မှာထားပြီး ဘေးတဘက်တချက်မှာ ကလေးအယောက် ၂၀ ရဲ့ အသုဘကို တဘက်  ၁၀ လောင်းစီ တန်းစီထားပါတယ်၊ သေဆုံးသူတွေရဲ့ မိဘဆွေမျိုးတွေက သူတို့နှစ်သက်ခဲ့တဲ့ အဝတ်အစား ၊ ကစားစရာတွေ အလောင်းရှေ့မှာ လာထား ပေးပါတယ်။

အခမ်းအနားကို ထိုင်းဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ကိုယ်စား မင်းတိုင်ပင်ခံအမတ် စူရာယုဒ် ကျူရာနွန်း ဦးဆောင်တဲ့ နန်းတွင်းကိုယ်စားလှယ်တွေနဲ့အတူ လွမ်းသူ့ပန်းခွေပေါင်း  ၂၃ ခုလာချကာ ဝမ်းနည်းကြောင်းသဝဏ်လွှာဖတ်ကြားခဲ့တယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်း နိုင်ငံခြားကိုခရီးလွန်နေတာကြောင့် ခင်ပွန်းဖြစ်သူမှ ကိုယ်စား လာရောက်ပြီး ထပ်ဆင်ရှင်နာဝပ်မိသားစုရဲ့   အသုဘအကူငွေနဲ့  ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ ကြေးတွေ ပေးအပ်ခဲ့ပါတယ်။

ဘတ်စ်ကားကုမ္ပဏီပိုင်ရှင်ကလည်း သေဆုံးသူ တယောက်လျှင် ဘတ် ၅၀၀၀၀ စီ အသုဘ စရိတ် လာရောက်ပေးအပ်ပြီး  နောက်ထပ်လည်းနစ်နာကြေးတွေ ထုတ်ပေးဦးမယ်လို့ ပြောသွားပါတယ်။ 

ဒါ့အပြင်  ထိုင်းပြည်ထဲရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးစတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်း လာရောက်ခဲ့ပြီး အသုဘအကူငွေတွေ ပေးအပ်ခဲ့ပါတယ်။

အစိုးရအနေနဲ့  ကားမီးလောင်မှုကြောင့် သေဆုံးရသူတွေအတွက် ဂရုဏာကြေး တယောက်လျှင် ဘတ် ၁ သန်းစီ၊ ခန္ဓာမသန်မစွမ်းဖြစ်သွားရသူတွေအတွက် တယောက်လျှင် ဘတ် ၇ သိန်းစီ၊  ပြင်း ထန်စွာဒဏ်ရာရသူတွေကို ဘတ် ၂ သိန်းစီ ၊ အနည်းငယ်ဒဏ်ရာရသူအတွက် ဘတ် ၁ သိန်းစီ ပေး အပ်သွားမယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပညာရေးဝန်ကြီးကလည်း သေဆုံးသူတွေအတွက် အသုဘကူငွေအပြင် ကလေးတွေကို အ သက်နဲ့ ရင်းပြီး ကယ်တင်ခဲ့တဲ့ ဆရာမ ၃ ယောက်ရဲ့ လစာငွေ ၃ ဆတိုးပေးမယ်။ သူတို့ရဲ့ သားသမီးတွေကို ဘွဲ့ ရတဲ့အထိ ပညာသင်ဆုချီးမြှင့်မယ်လို့ ဆိုပါတယ်။

မီးလောင်ဒဏ်ရာနဲ့ ဆေးရုံမှာတက်ရောက်ကုသနေသူ ၃ ယောက်ရှိပြီး ဘုရင့်နန်းတော်က လူနာ ရှင်အဖြစ် ဆေးကုစရိတ်ကုန်ကျငွေတာဝန်ယူထားပါတယ်။

အသုဘအခမ်းအနားမှာ စိတ်ပိုင်းဆိုင်ရာဆရာဝန်/ဆရာမတွေ လာရောက်စောင့်ဆိုင်းပြီး စိတ်ထိခိုက်နေတဲ့ အသုဘရှင်တွေကို အားပေးနှစ်သိမ့်ပေးနေပါတယ်။

အခင်းဖြစ်စက ထွက်ပြေးသွားတဲ့ ယာဉ်မောင်းသမား နိုင်းစမန်ကတော့ အောက်တိုဘာ ၂   ရက် ည ၁၀ နာရီကျော်မှာ အန်ထောင်းခရိုင် ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်။ သူဟာ ကားကို တနာရီ ကီလို ၈၀ နှုန်းနဲ့သာ မောင်းခဲ့တယ်၊ အခင်းဖြစ်တဲ့နေရာရောက်တော့ ကားဘီးက ချိုင့်ထဲကျွံသလိုခံစားရပြီး ဘေးကကား ၁ စီးကိုပွတ်တိုက်ကာအရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်း ကိုဝင်တိုက်တယ်၊ အဲဒီမှာ ကားခေါင်းက မီးခိုးငွေ့တွေထွက်လာပြီး မီးလောင်သွားတယ်၊ ထွက်ပြေးရတဲ့အကြောင်းကတော့ ထိတ်လန့် တုန်လှုပ်လွန်းလို့ လို့ပြောပါတယ်။ 

စီစီကင်မရာမှာတော့ ယာဉ်မောင်းဟာ ကားမီးလောင်တာနဲ့ ခရီးသည်တွေအတွက် အရေးပေါ်ထွက်ပေါက်ဖွင့်ပေးဖို့ကြိုးစားပေမဲ့ ဖွင့်လို့မရ၊ အဲဒီနောက် တခြားကားထံမှ မီးသတ်ဘူးတောင်းပြီး မီးငြိမ်းသတ်ပေမဲ့ မနိုင်တာကြောင့် ထွက်ပြေးသွားပုံတွေ တွေ့ရပါတယ်။ 

အမှတ် ၁ ခရိုင်ရဲတပ်ဖွဲ့က သူ့ကို ယာဉ်စည်းကမ်းဖောက်ဖျက်မှု၊ တပါးသူသေကျေဒဏ်ရာ ရလောက်အောင်  တာဝန်ပေါ့ဆမှု၊  ပစ္စည်းပျက်စီးဆုံးရှုံးစေမှု ၊ အပြစ်မှတိမ်းရှောင်ထွက်ပြေးမှု စတဲ့စွဲချက်တွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

မီးလောင်သွားတဲ့ကားကို စစ်ဆေးရာမှာ အဆိုပါဘတ်စ်ကားဟာ သက်တမ်း  ၅၃ နှစ်ရှိပြီဖြစ်ပြီး အင်ဂျင်မှာ တခြားအမျိုးအစားနဲ့ လှဲလှယ်တပ်ဆင်ထားတယ်၊  LPG အမျိုးအစား ဓာတ်ငွေ့ထက်ပေါ့ပါးပြီး  ပေါက်ကွဲလွယ်တဲ့  CNG ဂက်စ်ကို အသုံးပြုတယ်၊ အရန်ဂက်စ်အိုး ၁၀ လုံးပါ ကားအောက်မှာ သိုလှောင်ထားတာကိုတွေ့ရှိတယ်၊  အန္တရာယ်ဖြစ်စေတဲ့အရာတွေလို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနက သုံးသပ်ပါတယ်။

ဥပဒေအရ ခရီးသည်တင် ဘတ်စ်ကားတွေအနေနဲ့ သက်တမ်းနှစ် ၄၀ ထက်ပိုတဲ့ကားတွေနဲ့  ဝန်ဆောင်မှုပေးခွင့်မရှိဘူးလို့ ဆိုပါတယ်။ အဲဒီနောက် တနိုင်ငံလုံးမှာရှိတဲ့ ဘတ်စ်ကားတွေ ဘေးကင်းလုံခြုံမှုရှိမရှိ ၊ တရားဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးခံနေကြရပါတယ်။  

ဒီလိုကြေကွဲစရာဖြစ်ရပ်တွေကြောင့် သက်ဆိုင်ရာက စာသင်ကျောင်းတွေအနေနဲ့ အရွယ်ငယ် ကလေးတွေကို ပြင်ပလေ့လာရေးခရီးစဉ် ခေါ်သင့်မခေါ်သင့် ပြန်လည်သုံးသပ်နေပြီး စာသင်ကျောင်းအချို့ကလည်း နဂိုစီစဉ်ထားတဲ့လေ့လာရေးခရီးစဉ်တွေ နောက်ဆုတ်ထားပါတယ်။

ကားပေါ်က ကျန်တဲ့ ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေဟာလည်း အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမဲ့ ကြုံရတဲ့အဖြစ်ဆိုးကြောင့်  ကြောက်လန့်မှုမပြယ်သေးသလို တချို့လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: PPTV / MCOT / Amarin TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013