DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်ကောင်စီက နေအိမ်အလုံး ၁၄၀ ကျော် ချိပ်ပိတ်
DVB
·
October 3, 2024
ဧရာဝတီတိုင်းတွင် စစ်ကောင်စီက နေအိမ်အလုံး ၁၄၀ ကျော် ချိပ်ပိတ်
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၉ လအတွင်း လူနေအိမ် အလုံး ၁၄၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံရပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တာကြောင့်လို့ စွပ်စွဲကာ အရပ်သားနေအိမ်အများစု ချိပ်ပိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စက်တင်ဘာလကုန်ပိုင်းအထိ ၉ လအတွင်း ဧရာဝတီတိုင်းမှာ နေအိမ် ၁၄၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်ပိုင်ရှင်တွေက တော်လှန်ရေးတပ် PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ကူညီ အားပေးထောက်ပံ့တာကြောင့်လို့ စွပ်စွဲကာ အရပ်သားတွေ ပိုင်ဆိုင်တဲ့ နေအိမ် အများဆုံး ချိပ်ပိတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အိမ် ၁၄၀ ကျော်က တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ဆိုပြီး  ချိပ်ပိတ်ခံရတာ များတယ်။ သူတို့ကတော့ ဥပဒေနဲ့အညီ ချိပ်ပိတ်တာဆိုပြီး ဗွီနိုင်းကပ် ချိပ်ပိတ်သွားတာ။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက အရပ်သားတွေရဲ့ အိမ်တွေချည်းပဲ။ ဘာပဲပြောပြော အိုးမဲ့ အိမ်မဲ့ လူတန်းစား များလာတာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၉ လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ် အလုံး ၁၄၀ ကျော်ဟာ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်၊ ငပုတော၊ လပွတ္တာ စတဲ့မြို့နယ်တွေက နေအိမ်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

အိမ်ချိပ်ပိတ်ခံရသူနဲ့ နီးစပ်တဲ့ လပွတ္တာဒေသခံတယောက်က “စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်မှာ တရားမဝင် အကြမ်းဖက် PDF အပါအဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာကြောင့်လို့ဆိုပြီး လပွတ္တာမြို့နယ်က အရပ်သား ဦးလေးဝင်း၊ ဦးခင်ဇော်နဲ့ ကိုထက်မြတ်စိုးတို့ရဲ့ နေအိမ်တွေကို လာပြီး ချိပ်ပိတ်သွားတာ။ ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်တွေက အရမ်းနွမ်းပါးတဲ့သူတွေပါ” လို့ ပြောပါတယ်။

အဲဒီ နေအိမ်ချိပ်ပိတ်ခံထားရတဲ့ အများစုဟာ အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရသူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ခံထားရခြင်း မရှိသေးတဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တရားမဝင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အရပ်သားတွေရဲ့ အိမ်တွေကို ပုဒ်မအမျိုးမျိုးတပ် ချိပ်ပိတ်သိမ်းဆည်းခဲ့တာကြောင့် နေစရာ အိမ်ပိုင်မရှိလို့ ငှားနေခဲ့သူတွေရှိသလို အလုပ်မရှိတာကြောင့် ငှားမနေနိုင်လို့ အိမ်ခြေရာမဲ့ဘဝ ရောက်တဲ့သူတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013