DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးသင့် ၁ သန်းကျော်၏ ၆၀ ရာခိုင်နှုန်းခန့်က အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်
DVB
·
October 3, 2024
မြန်မာရေဘေးသင့် ၁ သန်းကျော်၏ ၆၀ ရာခိုင်နှုန်းခန့်က အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကတည်းက အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁ သန်းကျော်အထိ ရှိလာနေပြီး ကနဦးဆန်းစစ်ချက်တွေအရ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၆၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ သိရပါတယ်။

Gender in Humanitarian Action Working Group (GiHA WG) အဖွဲ့က အောက်တိုဘာ ၁ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ခုလိုဖော်ပြထားတာဖြစ်ပြီး နိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုက မြို့နယ်ပေါင်း ၇၀ ကျော်မှာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေဘေးကြောင့် သေဆုံးသူဦးရေ ၃၆၀ ထက် မနည်းရှိခဲ့ပြီး လူအယောက် ၁၀၀ လောက် ပျောက်ဆုံးနေတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်နေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ထိခိုက်လွယ် အုပ်စုတွေကို အကျိုးသက်ရောက်စေခဲ့ပြီး အဆိုပါ သဘာဝဘေးကြောင့် လက်ရှိအားနည်းချက်တွေကို ပိုမိုဆိုးရွားသွားစေတယ်လို့လည်း ဆိုပါတယ်။

မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ထိခိုက်ခံစားရတဲ့ ဒေသတွေကတော့ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရေကြီးရေလျှံမှု လျော့နည်းလာတာနဲ့အမျှ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခ သည်တွေအတွက် ကယ်ဆယ်ရေးစခန်းတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ယာယီစခန်းတွေမှာ အရပ်ဘက် လူမှုအသိုက်အဝန်းတွေက သန့်ရှင်းရေးလုပ်ငန်းတွေ စတင် ဆောင်ရွက်နေပြီလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုတွေကြောင့် ကောက်ပဲသီးနှံတွေ၊ လယ်မြေတွေနဲ့ တိရစ္ဆာန် ထောင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့ပြီး လူမှုအသိုက်အဝန်းရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို သိသိသာသာ ထိခိုက်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

လမ်းတံတားတွေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေ၊ စာသင်ကျောင်းတွေ၊ ပြည်သူ့ဝန်ဆောင်မှု အဆောက်အဦတွေ၊ ဘာသာရေးဆိုင်ရာ နေရာတွေအပါအဝင် အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရသလို အိမ်ခြေ ၆၅,၀၀၀ ကျော်၊ စာသင်ကျောင်း ၁,၅၀၀၊ လမ်းနဲ့ တံတား ၂၀၀ ကျော်နဲ့ တယ်လီကွန်းတာဝါတိုင် ၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ကပ်ဘေးရဲ့ အကျိုးသက်ရောက်မှုတွေက လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စားနပ်ရိက္ခာမလုံလောက်မှုတွေကြောင့် တင်းမာနေတဲ့ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းအသီးသီးက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013