DVB Logo
Home
နိုင်ငံတကာ
အီရန် - အစ္စရေး စစ်ကြီးဖြစ်လာနိုင်သလား
DVB
·
October 3, 2024
အီရန် - အစ္စရေး စစ်ကြီးဖြစ်လာနိုင်သလား
Donate to DVB

အောက်တိုဘာလ ၁ ရက်  ညပိုင်းမှာ အီရန်ဟာ ဒုံးကျည်အစင်းပေါင်း  ၁၈၀ နဲ့ ၂၀၀ ကြားသုံးပြီး အစ္စရေးကိုပစ်ခတ်တိုက်ခိုက်  ဒုံးမိုးရွာခဲ့ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း အီရန်ရဲ့ အစ္စရေးအပေါ် ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်ပါတယ်။ ဧပြီလတုန်းကလည်း ဒရုန်းတွေနဲ့အတူ၊ ဘဲလစ်စတစ် ဒုံးကျည် ၁၁၀ ၊ ခရုစ်ဒုံးကျည် ၃၀ နဲ့ တိုက်ခိုက်ခဲ့ဖူးပေမဲ့ အခုတစ်ကြိမ်ဟာ ပိုပြင်းထန်ပါတယ်။

အီရန်တိုက်ခိုက်မှု ဘယ်လောက် ပြင်းထန်သလဲ

ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ တဲလ်အဗစ်မြို့ပေါ် ဒုံးကျည်တွေ ပျံဝဲနေခဲ့ ပါတယ်။ အစ္စရေး စစ်စခန်းအချို့နဲ့ စားသောက်ဆိုင်တွေ၊ ကျောင်းတွေ ထိမှန်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

အီရန်က ဒုံးမိုးမရွာခင်မှာ တဲလ်အဗစ်မြို့ ဂျက်ဖာမှာ သေနတ်သမား ၂ ယောက် ပစ်ခတ်ခဲ့တာကြောင့် ၆ ယောက်ထက်မနည်း သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။၊ သေနတ်သမား ၂ ယောက်က ပစ်ခတ်ခဲ့တာလို့ ယူဆရပြီး အနားက အရပ်သားတွေနဲ့ ရဲတွေက သေနတ်သမားတွေကို အသေပစ်ခတ်ဖမ်းမိခဲ့ပါတယ်။ 

အီရန်တော်လှန်ရေးအစောင့်တပ် (IRCG) ကတော့ ဒုံးကျည် ၉၀ ရာခိုင်နှုန်းဟာ ပစ်မှတ်တွေကို ထိမှန်တယ်လို့ ဆိုပါတယ်။ အသံထက်မြန်တဲ့ ဒုံးကျည်တွေကိုလည်း ပထမဆုံးအကြိမ် သုံးစွဲခဲ့ပြီး   အစ္စရေး စစ်စခန်း ၃ ခုကို  အဓိကပစ်မှတ်ထားတာ ဖြစ်ပါတယ်။

အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်းဒေသကိုပါ အီရန်ဒုံးကျည်အစိတ်အပိုင်း လာစင်တဲ့အတွက် အမျိုးသား တယောက် သေဆုံးခဲ့ပါတယ်။ ၁ ရက်နေ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ အစ္စရေးဘက်က ထုတ်ပြန်တာမရှိသေးဘဲ လူ ၂ ယောက်ပဲ  အသေးစားထိခိုက်မှု ရှိတယ်လို့ဆိုပါတယ်။

ဘာကြောင့် အစ္စရေးကို အီရန် တိုက်သလဲ

စက်တင်ဘာ ၂၇ ရက်က လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ ဟစ်ဇ်ဘိုလာ အကြီးအကဲ ဟာဆန် နာဆာရဲလားနဲ့  အီရန် IRCG  တပ်မှူး အဘားစ် နီလ်ဖိုရိုရှန်ကို လုပ်ကြံခဲ့မှုအတွက် လက်တုံ့ပြန်တာလို့  IRCG က ထုတ်ပြန်ပါတယ်။ ဇူလိုင်လတုန်းက အီရန်မြို့တော်မှာ ရှိနေတဲ့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ကို လုပ်ကြံခဲ့တဲ့ ကိစ္စအတွက်ပါ တုံ့ပြန်တာလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီကိုယ်တိုင်ညွှန်ကြားတာလို့ အီရန်အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အီရန်ဟာ အစ္စရေးတည်းရှိပိုင်ခွင့်ကို အသိအမှတ်မပြုသလို အစ္စရေးကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အစ္စရေးဘက်ကလည်း အီရန်ကို ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ထားပြီး အီရန်ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေးရဲ့ သံကွန်ချာ ကာကွယ်နိုင်သလား

အစ္စရေးနိုင်ငံမှာ အင်မတန်အဆင့်မြင့်တဲ့ သံကွန်ချာ (Iron Dome) လို့ ထင်ရှားတဲ့ လေကြောင်းကာကွယ်ရေးစနစ်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တွေက ပစ်လွှတ်တဲ့ တာတိုပစ်ရော့ကတ်တွေကို ကြားဖြတ်ဟန့်တားဖို့သာ ဖြစ်ပါတယ်။

ဧပြီလအတွင်းက အီရန်တိုက်ခိုက်မှုကို ဟန့်တားရာမှာ ဒီစနစ်လည်း ပါဝင်ခဲ့ပေမဲ့ အခုနောက်ဆုံးတိုက်ခိုက်မှုကိုတော့ အစ္စရေးရဲ့ အလွှာလိုက် ကာကွယ်မှု စနစ်အမျိုးမျိုးသုံးပြီး ခုခံခဲ့တယ်လို့ ယူဆရပါတယ်။

ဒေးဗစ်လောက်လွှဲ (david sling) လို့ခေါ်တဲ့ စနစ်ဟာ အမေရိကန်- အစ္စရေးပူးတွဲထုတ်လုပ်ထားတာဖြစ်ပြီး တာလတ်ကနေ တာဝေးပစ်ဒုံးတွေ၊ ဘယ်လစ်စတစ်နဲ့ ခရုဇ် ပဲ့ထိန်းဒုံးကျည်တွေ ကြားဖြတ်ဟန့်တားရာမှာ သုံးပါတယ်။ ကမ္ဘာ့လေထုအပြင်ဘက်ထိ ထွက်ပြီး ပျံဝဲနိုင်တဲ့ တာဝေးပစ်ဘယ်လစ်စတစ် ဒုံးတွေကို ကာကွယ်ဖို့တော့ အဲရိုးတူး နဲ့ အဲရိုး သရီးလို့ခေါ်တဲ့ ကြားဖြတ်ဟန့်တားတဲ့စနစ်တွေကို အသုံးပြုပါတယ်။

အစ္စရေးမဟာမိတ်တွေ ဘယ်လို တုံ့ပြန်သလဲ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အစ္စရေးဘက်က ရပ်တည်ကြောင်းပြသခဲ့ပြီး အီရန်တိုက်ခိုက်မှုဟာ မထိရောက်ဘဲ အရေးနိမ့်သွားခဲ့တယ်လို့ဆိုပါတယ်။

ဒေသတွင်းက အမေရိကန်တပ်တွေအနေနဲ့ အစ္စရေးရဲ့ ကာကွယ်ရေးစနစ်ကို ကူညီဖို့နဲ့ အီရန်ဒုံးကျည်တွေကို ပစ်ချဖို့ ဘိုင်ဒင်က ညွှန်ကြားခဲ့ပါတယ်။ အမေရိကန်ရေတပ် ဖျက်သင်္ဘောတွေကလည်း အစ္စရေးဆီ ဦးတည်လာနေတဲ့ အီရန်ဒုံးတွေကို ကြားဖြတ်ပစ်ချခဲ့ပါတယ်။

ဗြိတိန်တပ်တွေလည်း အခြေအနေ ထပ်မတင်းမာအောင် ဟန့်တားရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်နဲ့ ဂျပန်ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒီထက်ပို မတင်းမာလာအောင် ရှောင်လွှဲဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပါတယ်။

ဘာဆက်ဖြစ်နိုင်သလဲ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ အီရန်ဟာ အမှားကြီးမှားခဲ့ပြီဖြစ်ပြီး ဒီအတွက် ပေးဆပ်ရမယ်လို့ သတိပေးထားပါတယ်။ အစ္စရေးမှာ အစီအစဉ်တွေရှိထားပြီးဖြစ်ပြီး ဆုံးဖြတ်ချက်ချလိုက်တာနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဒန်နီယယ် ဟက်ဂါရီက ပြောထားပါတယ်။

အီရန် IRGC ကတော့ အစ္စရေးသာ လက်တုံ့ပြန်ရင် ဒီထက်ပို အထိနာအောင် အီရန်က ထပ်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးဟာ လက်ဘနွန်မြို့တော် ဘေရွတ်မှာ ဟစ်ဇ်ဘိုလာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေသလို မြေပြင်ထိုးစစ်လည်း စတင်နေပြီဖြစ်ပါတယ်။

အီရန်ရဲ့ အခုတိုက်ခိုက်မှုကြောင့်  အစ္စရေးက အီရန်ကို   စိတ်ရှိတိုင်းထိုးစစ်ဆင်ဖို့  အကြောင်းပြချက်ကောင်း ရသွားစေတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဒါပေမဲ့ ဟားမတ်စ်နဲ့ စစ်ပွဲလည်း မပြီးသေးခင်၊ လက်ဘနွန်မှာလည်း မြေပြင်ကျူးကျော်စစ်ပါဆင်နွှဲနေချိန်မှာ အီရန်နဲ့ဘယ်လို စစ်ပွဲဆင်နွှဲမလဲဆိုတာတာ့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

အစ္စရေးဘက်က အမေရိကန်ပါ တိုက်ရိုက်ပါလာမှာ၊ အီရန်ဘက်ကလည်း တခြားနိုင်ငံတွေ ပါဝင်လာပြီး ဒေသတွင်းစစ်ပွဲကြီး ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Source/ Photo:Reuters 

စိုင်းခေတ်နွေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013