
ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင်ဟာ အီရန်သမ္မတ မာဆွဒ်ပေဇက်ရှ်ကီယံကို စက်တင်ဘာ ၃၀ ရက်က အီရန်မြို့တော် တီဟီရန်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အဲဒီနေ့မှာပဲ နတ်စ်ရာလာကို သတ်ဖြတ်မှုကို ရုရှားသမ္မတနန်းတော် ကရင်မလင်က ရှုတ်ချခဲ့ပြီး အရှေ့အလယ်ပိုင်းစစ်ပွဲရဲ့ အန္တရာယ်က အလွန်မြင့်နေပြီလို့ အကဲဖြတ်ကြောင်း ပြောခဲ့ပါတယ်။
အစ္စရေးက ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နတ်စ်ရာလာကို လုပ်ကြံအပြီး အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်ကို အစ္စရေးက နှစ်ပတ်အတွင်း ချေမှုန်းဖို့ လက်ဘနွန်ကို အစ္စရေး မြေပြင်တပ်တွေ စေလွှတ်ဖို့ ခြေလှမ်းစနေတဲ့ အရိပ်အယောင်တွေ ပိုတိုးထွက်ပေါ်လာချိန်မှာ ခုလိုတွေ့ဆုံခဲ့တာပါ။
အဲလိုတွေ့ဆုံပြီး နောက်နေ့မှာပဲ အီရန်က အစ္စရေးကို ဒုံးကျည် အစီး ၁၈၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အင်္ဂါနေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာအလီ ခါမေနီက အမိန့်ပေးခဲ့တာလို့ အီရန်အကြီးတန်းအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာဟာ ဒေသတွင်း အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ် ခေါင်းဆောင်တွေနဲ့ ထိပ်တန်း တပ်မှူးတွေထဲက တယောက်ကို အစ္စရေးက သတ်ဖြတ်ခဲ့လို့ လက်တုံ့ပြန်တာလို့ IRGC က ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်က လက်ဘနွန်မြို့တော် ဘေရွတ်မှာ ဟစ်ဇ်ဘိုလာအကြီးအကဲ ဟတ်ဆန် နတ်စ်ရာလာနဲ့ IRGC တပ်မှူး အာဘတ်စ် နီလ်ဖှိုရိုရှန်းတို့ကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။
ဇူလိုင်လမှာ အီရန်မြို့တော် တီဟီရန်မှာ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ အသတ်ခံရတယ်လို့လည်း ကိုးကားဖော်ပြပါတယ်။
ဟာနီယာ သေဆုံးမှုနောက်ကွယ်မှာ အစ္စရေးက ဝန်မခံပေမဲ့ သူ့မှာ တာဝန်ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။
Source-Reuters











