DVB Logo
Home
မြန်မာသတင်း
ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံးမှု စုံစမ်းစစ်ဆေးချက် KNDF ထုတ်ပြန်  
DVB
·
October 1, 2024
ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံးမှု စုံစမ်းစစ်ဆေးချက် KNDF ထုတ်ပြန်  
Donate to DVB

ကရင်နီပြည်ထဲက ဆေးသင်တန်းတခုမှာ လေ့ကျင့်ခန်းလုပ်ရင် သင်တန်းသား ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဒါဟာ သင်တန်းဆရာတွေရဲ့ တသီးပုဂ္ဂလ ဆုံးဖြတ်ချက်နဲ့လုပ်တာဖြစ်ပြီး အန္တရာယ်အနည်းဆုံးဖြစ်ဖို့ ကြိုတင်စီစဉ်ထားတာ မရှိခဲ့ဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

KNDF ဦးဆောင်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးတာတွေကို စက်တင်ဘာ ၁၇ ရက်ကနေ ၂၂ ရက်အထိ ပြုလုပ်ခဲ့တာပါ။

စက်တင်ဘာ ၁၁ ရက် ည ၈ နာရီခွဲလောက်က KNDF ရဲ့ ဆေးသင်တန်းတခုကနေ ညဘက် လေ့ကျင့်ရေးအဖြစ် ချောင်းတခုကို ဖြတ်သန်းတုန်း ရဲဘော်ရဲမေ ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့ပါတယ်။

အဲဒီသင်တန်းဟာ ၄ လကြာ သင်ကြားပေးတာဖြစ်ပြီး သင်ကြားရေးပိုင်းကို ဆေးဘက်ဆိုင်ရာ ပညာရှင် ဆရာဝန်တွေကတာဝန်ယူပြီး အုပ်ချုပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကိုတော့ KNDF က တာဝန်ယူပြီး ဒုတိယအကြိမ် ဖွင့်လှစ်တာဖြစ်ပါတယ်။

သင်တန်းအတွက် တပ်ပိုင်းဆိုင်ရာကိုယ်စားလှယ် ၃ ယောက်၊ ဆေးဘက်ဆိုင်ရာ ကိုယ်စားလှယ် ၂ ယောက်နဲ့ ကော်မတီဖွဲ့ထားပြီး KNDF တပ်ပိုင်းရဲ့ တာဝန်ပေးအပ်မှုနဲ့ သင်တန်းကျောင်းအုပ် ၁ ယောက်ထားပြီး ကာယမှူး ၂ ယောက်၊ အကူဆရာ ၁ ယောက်နဲ့ ဆရာမ ၂ ယောက်ရှိပါတယ်။

ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရာမှာ စက်တင်ဘာ ၁၁ ရက်နေ့က ကျောင်းအုပ်နဲ့ သင်တန်းဆရာ ၃ ယောက်က ညဘက်လေ့ကျင့်ရေးလုပ်ဖို့ အချင်းချင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ကျောင်းအုပ်နဲ့ ကာယမှူး ၁ ယောက်က သဘောတူပေမဲ့ သင်တန်းဆရာ ၁ ယောက်နဲ့ အကူ ၁ ယောက်ကတော့ သဘောမတူခဲ့ကြပေမဲ့ အတည်ပြုခဲ့ကြပြီး ဒါကို သင်ကြားရေးဘက်က ဆရာ၊ ဆရာမတွေ၊ သင်တန်းသူ၊ သင်တန်းသားအများစုနဲ့ KNDF က တာဝန်ရှိသူတွေ မသိရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

ရေဖြတ်ကူးလေ့ကျင့်ရတဲ့ Happy Mission ဟာ စစ်ဘက်ဆိုင်ရာအရ လိုအပ်တဲ့ လေ့ကျင့်ရေးမစ်ရှင်ဖြစ်တာကို တွေ့ရပြီး ရေထဲကို မဆင်းခင် သင်တန်းသား၊ သင်တန်းသူတွေဟာ မြေကြီး ဒါမှမဟုတ် ကျောက်ခဲတွေကို အမျိုးသားဆိုရင် အလေးချိန် ၅ ပိဿာလောက်နဲ့ အမျိုးသမီးဆိုရင် ၃ ပိဿာလောက်ကို ကျောပိုးအိတ်၊ ဆာလာအိတ်တွေနဲ့ ထည့်ပြီးသယ်ဖို့ ညွှန်ကြားခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေထဲဖြတ်ကူးချိန်မှာတော့ ရေစိုသွားတာကြောင့် အဲဒီအိတ်တွေဟာ အလေးချိန် ၆ ပိဿာကနေ ၁၁ ပိဿာလောက်အထိ ဖြစ်သွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

Happy Mission မတိုင်မီ မနက် ကာယအချိန်မှာ  သင်တန်းသား၊ သင်တန်းသူတွေဟာ အလေးချိန် ၅ ပိဿာ၊ ၃ ပိဿာရှိတဲ့ မြေကြီးအိတ်တွေလွယ်ပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ခဲ့ရသလို ညဘက်မှာတော့ ဖုန်းမီးနဲ့ ဓာတ်မီးတွေ ယူမသွားဖို့ သင်တန်းကျောင်းအုပ်နဲ့ ဆရာတွေက တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီညမှာ သင်တန်းသား ၄ ယောက်ဟာ နေမကောင်းလို့ ခွင့်ယူကျန်ရစ်ခဲ့ပြီး ၉၈ ယောက်ကတော့ ချောင်းကူးတံတားပေါ်ကနေ တယောက်ပခုံး တယောက်ကိုင်ပြီး နှစ်ယောက်တွဲစီ ရေထဲကို ဆင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။

ရေထဲရောက်အပြီးမှာ သင်တန်းသား သင်တန်းသူတချို့ပဲ တံတားတဘက်ကမ်းကို ကူးနိုင်ခဲ့ပြီး တချို့ ရေနစ်တာကြောင့် သင်တန်းသား ၄ ယောက်ဟာ ပထမအကြိမ်မှာ ၃ ယောက်ကို ကယ်နိုင်ခဲ့ပြီး နောက်တကြိမ် ကယ်ရာမှာတော့ သူတို့ထဲက ၃ ယောက်လည်း ရေနစ် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလေ့ကျင့်ခန်းမလုပ်ခင်မှာ ကျောင်းအုပ်နဲ့ သင်တန်းဆရာ ၃ ယောက်ဟာ ဒေသဓလေ့ ထုံးတမ်းတွေကို သိရှိနားလည်ထားတဲ့ ဒေသခံရွာ ဥက္ကဋ္ဌ၊ ရွာခံတွေ၊ ဘာသာရေး အကြီးအကဲတွေနဲ့ ကြိုတင်ဆွေးနွေး အကြံဉာဏ်ရယူတာမျိုး လုံးဝမရှိတာကို တွေ့ရပြီး အဲဒီနေ့ညနေ ၃ နာရီက သူတို့ လေ့ကျင့်ခန်းလုပ်တဲ့ ချောင်းမှာ ရေဟာ ဒူးလောက်ပဲရှိပေမဲ့ ညနေ ၅ နာရီမှာတော့ ရင်ဘတ်လောက်ရှိပြီး ရေအတက်မြန်နေတာကို အနီးအနားစစ်ရှောင်စခန်းနေ ရွာခံတွေက သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းကျောင်းအုပ်ဟာ ညပိုင်းမစ်ရှင်လုပ်မယ့် ဆုံးဖြတ်ချက်မချမီ အင်တာနက် အသုံးပြုခွင့်ရခဲ့ပြီး မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်နေတာကို သတိပြုမိထားသလို သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာတယောက်တို့ဟာ မွန်းလွဲ ၃ နာရီလောက်က အဲဒီချောင်းကို ဖြတ်သွားခဲ့ကြသေးတယ်လို့ သက်သေတွေက ထွက်ဆိုထားပါတယ်။

သူတို့ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာနဲ့ ရေကြောင်းလမ်းဆိုင်ရာ မစ်ရှင်အတွက် အသက်အန္တရာယ် ထိခိုက်မှုအနည်းဆုံး ဖြစ်စေနိုင်မည့် နည်းနာတွေ၊ ဆန်းစစ်ချက်တွေ၊ ရေကြောင်းလမ်းဆိုင်ရာ လေ့ကျင့်ရေးအတွက် လိုအပ်တဲ့ ကြိုး၊ အသက်ကယ်ပစ္စည်းလို အထောက်အကူတွေ၊ ကျန်းမာရေး အရေးပေါ် ကူညီစောင့်ရှောက်မယ့် ကျန်းမာရေးလုပ်သားတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေကို လုံးဝ မပြင်ခဲ့ဘူးလို့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ညဘက်မစ်ရှင်ထွက်ဖို့ ဆုံးဖြတ်ချက်မချခင် သင်တန်းကျောင်းအုပ်ဟာ Grand အပြာကို Speed အချိုရည်ဘူးတဝက်လောက် သောက်ထားပြီး သင်တန်းဆရာ ၂ ယောက်ကတော့ ရိုးမဘီယာအနီ သံဘူးတို ၁ ဘူးစီ သောက်သုံးထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုရေကြီးတဲ့အဖြစ်မျိုးဟာ ဟိုးအရင်က ဖြစ်ဖူးပေမဲ့ လူသေတာမျိုးမဖြစ်ခဲ့ဘဲ တောင်ကျချောင်းရေရဲ့ အလျင်နဲ့ အရှိန်ကို မှန်းဖို့မလွယ်ကူသလို ဖြစ်စဉ်မှာ အမိန့်ပေးသူ သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာ ၃ ယောက်ဟာ ရဲဘော်ရဲမေတွေကို လေ့ကျင့်ရေးခိုင်းစေရာမှာ သေစေလိုတဲ့ဆန္ဒ မပါဝင်တာကို တွေ့ရကြောင်း ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ သင်တန်းကျောင်းအုပ်၊ ဆရာတွေရဲ့ တသီးပုဂ္ဂလဆုံးဖြတ်ချက်နဲ့ စီစဉ်ဆောင်ရွက်ခဲ့တာကို တွေ့ရှိရပြီး အဲဒီထဲက ၂ ယောက်က သူတို့မှာ အဓိက တာဝန်ရှိတယ်လို့ ထွက်ဆိုဝန်ခံထားကြောင်း ဆိုပါတယ်။

စုံစမ်းစစ်ဆေးတွေ့ရှိတာတွေကို KNDF ဗဟိုကော်မတီဆီ တင်ပြထားပြီး နောက်ဆက်တွဲ လုပ်ဆောင်တာတွေကိုလည်း ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013