DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ အလုပ်သမားများကို စစ်ကောင်စီလက်ထဲ ပြန်မအပ်ရန် ထိုင်းအစိုးရကို တိုက်တွန်း 
DVB
·
October 1, 2024
ဖမ်းဆီးခံ အလုပ်သမားများကို စစ်ကောင်စီလက်ထဲ ပြန်မအပ်ရန် ထိုင်းအစိုးရကို တိုက်တွန်း 
Donate to DVB

ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို စစ်ကောင်စီလက်ထဲ ပြန်မအပ်ဖို့နဲ့ ဘေးကင်းလုံခြုံစိတ်ချရတဲ့ နယ်စပ်တွေမှာ သွားရောက်အပ်နှံဖို့    အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာဘက်ခြမ်းကို ပြန်ပို့တဲ့အခါ စစ်ကောင်စီထံ ပြန်လွှဲပြောင်းတာကြောင့် ကော့သောင်း - ရနောင်း နယ်စပ်ကနေ ပြန်ပို့ခံရသူတွေထဲ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတာတွေ ရှိနေတဲ့အပေါ် အလုပ်သမားအရေး လှုပ်ရှားသူတွေက ထိုင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက် နေထိုင်အလုပ်လုပ်ကိုင်တာတွေကြောင့် စီမံချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ နယ်စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံဘက်ခြမ်းကို အစိုးရအချင်းချင်း G to G (Government to Government) စနစ်နဲ့ ပို့ဆောင်တာတွေ ရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး Labour Rights Foundation အဖွဲ့ ပြောခွင့်ရသူ ဦးအောင်ကျော်က “ကျနော်တို့ ဒီနယ်စပ်ဒေသဖြစ်တဲ့ထဲမှာ အထူးသဖြင့် ရနောင်းဘက်ကနေ ပြန်ပို့ဆောင်ခံရသူတွေက စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအကျပ် အဓမ္မ စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်လို့ ကျနော်တို့က သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ လူ့အခွင့်အရေးကော်မရှင်တွေကိုလည်း တင်ပြ ဆွေးနွေးထားပါတယ်။ ဒါတွေကို ထိုင်းအစိုးရအနေနဲ့ G to G ပြန်အပ်တာမျိုး မဖြစ်စေဘဲ အလုပ်သမားတွေအတွက် လူသားအန္တရာယ် ကင်းရှင်းအောင် လုံခြုံစိတ်ချရတဲ့ နယ်စပ်တွေမှာ သွားရောက်ပြီးတော့မှ အပ်နှံတာမျိုးကိုပဲ လိုချင်ပါတယ်။ အဲဒါမျိုးကိုလည်း ကျနော်တို့ G to G ပုံစံမျိုး တိုက်ရိုက်အပ်လိုက်တယ်ဆိုရင် စစ်တပ်ထဲကို အတင်းသွတ်သွင်းလိုက်သလို ဖြစ်သွားမှာစိုးတာကြောင့် ဒါတွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ ရှောင်ရှားဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထိုင်းတောင်ပိုင်း၊ ရနောင်းအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးလိုက်တဲ့ မြန်မာအလုပ်သမားတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

သြဂုတ် ၂၆ ရက်တုန်းကလည်း ထိုင်းနိုင်ငံ ရနောင်းမြို့ လဝကရုံးအချုပ်ထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား ၁၀၈ ယောက်ကို  သြဂုတ် ၂၆ ကော့သောင်းလှေဆိပ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တာမှာ စစ်တပ်က စစ်မှုထမ်းဖို့  လာရောက်ခေါ်ဆောင်သွားတယ်လို့ နေရပ်ပြန်သူတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ ခိုးဆိုးလုဝှက် ရာဇဝတ်မှုတွေကြောင့် မဟုတ်ဘဲ နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထား မပြည့်စုံတာ၊ အလုပ်သမားဥပဒေနဲ့ မညီညွတ်တာတွေကြောင့် ဖြစ်ပါတယ်။

အခုလို အထောက်အထားမဲ့ လုပ်သားတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခေါ်ဆောင်တာတွေ ရှိတာကြောင့် အလုပ်သမားထုကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ထိုင်းရောက် အလုပ်သမား ကိုစိုးမိုးက “အကြောင်းအမျိုးမျိုးနဲ့ အောက်လမ်းကနေ လာကြတဲ့သူတွေရှိတော့ အဓိကက သူတို့ တရားဝင် နေထိုင်ခွင့် ရရှိဖို့အတွက်ကို ဘယ်နည်းလမ်းနဲ့ အဆင်ပြေနိုင်မလဲဆိုတာကိုပဲ စိုးရိမ်နေတာပေါ့။ အဲဒါကြောင့်မို့လို့ ဒီ ဘတ်ဖွင့်လိုက်တယ်ဆိုတဲ့ သတင်းက အတည်ပြုတယ်ဆိုတဲ့အတွက် အားလုံးက အနည်းအကျဉ်းတော့ ၇၀ ရာခိုင်နှုန်းလောက်က တရားဝင်ဖြစ်မယ်ဆိုတဲ့ စိတ်လေးတော့ ဖြစ်သွားတာပေါ့။ အဲ့လိုမျိုး ပြန်ပို့နေတာတွေ ရှိတော့ အားလုံးက စိုးရိမ်မှုတွေ ရှိနေတာပေါ့။ အဲဒီအချိန်မှာ ကိုယ်များ အဖမ်းခံလိုက်ရရင် ပြန်ပို့ခံရမလားဆိုတဲ့ စိုးရိမ်မှု ရှိတော့ကျတော့ တရားမဝင် နေထိုင်တဲ့သူ အများစုကတော့ ဘတ် ဖွင့်ဖို့ပဲ စောင့်နေကြတာပေါ့” လို့ ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားဝင်အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ဆိုင်ရာ အထောက်အထားတွေကို ထိုင်းအစိုးရအနေနဲ့ မကြာခင်မှာ ဖွင့်လှစ်လုပ်ဆောင်ပေးတော့မယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံတွင်းက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံသားတွေကို အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းဆိုင်ရာ ကြေညာချက်မူကြမ်းထုတ်ပြန်ဖို့ကို စက်တင်ဘာ ၂၄ ရက်မှာ အစိုးရအဖွဲ့က အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား ၆ သန်းကျော် ရောက်ရှိနေထိုင်နေပေမဲ့ တရားဝင် အထောက်အထားနဲ့ နေထိုင်နေသူ ၂ ဒသမ ၃ သန်းသာ ရှိတယ်လို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013