DVB Logo
Home
မြန်မာသတင်း
လားရှိုးကို စစ်တပ်က တလအတွင်း ၁၀ ကြိမ်ထက်မနည်းဗုံးကြဲ၊ အရပ်သား ၉ ဦး သေဆုံး
DVB
·
October 1, 2024
လားရှိုးကို စစ်တပ်က တလအတွင်း ၁၀ ကြိမ်ထက်မနည်းဗုံးကြဲ၊ အရပ်သား ၉ ဦး သေဆုံး
Donate to DVB

ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့နဲ့ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က စက်တင်ဘာလထဲမှာ ၁၀ ကြိမ်အထက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ယောက် သေဆုံးခဲ့ရပါတယ်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးကို ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဩဂုတ် ၃ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် MNDAA က လားရှိုးမြို့မှာအုပ်ချုပ်ရေးတွေဖော်ဆောင်ခဲ့ပြီး ပြည်သူတချို့လည်း ပြန်လည်ဝင်ရောက် နေထိုင်ကြပေမဲ့ စက်တင်ဘာလထဲမှာတော့ စစ်တပ်က မြို့ထဲနဲ့ အနီးပတ်ဝန်းကျင်တွေကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲချနေတာ ဖြစ်ပါတယ်။

လားရှိုးမြို့ခံ ကိုလင်းက  “နေ့လယ်နေ့ခင်းဆိုရင်‌တော့ ဘာမှမဖြစ်ဘူးပေါ့။ ဒီတိုင်းပဲ သွားသွားလာလာပဲ ည ၈ နာရီ၊ ၉ နာရီနောက်ပိုင်းကတော့ အိပ်ကို မအိပ်ရဲဘူး။ လေယာဉ်သံကြားတာနဲ့ နေရတာအဲလိုမျိုပေါ့။ ဗုံးခိုကျင်းတူးလည်း ဘေးနားချော်ကျရင်တော့ ဘာမှမဖြစ်ဘူး။ ကျမှကျရင်တော့ ဗုံးခိုကျင်းလည်း မကယ်နိုင်ဘူး သေမှာပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စက်တင်ဘာလထဲမှာ လားရှိုးမြို့နယ်ထဲက နမ့်ပေါင်ရွာ၊ မြို့မဈေးအပါအဝင် ရပ်ကွက် ၁၊ ၂၊ ၈၊ ၁၁၊ ၁၂ တွေဘက်ကို ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာတွေ့ရ ပါတယ်။

DVB ကလက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရတော့ တလအတွင်း နမ့်ပေါင်က ပြည်သူ ၅ ယောက်နဲ့ လားရှိုးမြို့ထဲကပြည်သူ ၄ ယောက် စုစုပေါင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး ၄၂ ယောက် ဒဏ်ရာရရှိခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီက ဗုံးကြဲနေတဲ့လားရှိုးမြို့ပေါ်မှာ ကိုးကန့် ရဲတချို့ကလွဲပြီး စစ်သားတွေကို မတွေ့ရတော့ဘူးလို့ မြို့ခံပရဟိတသမားတယောက်က ပြောပါတယ်။

လားရှိုးမြို့ခံ (ပရဟိတ) တယောက်က “အခုမြို့မှာက ရပ်ကွက်ရုံးလောက်ပဲ ကိုးကန့်ရဲတွေရှိတာ။ စစ်သားတွေလည်း မတွေ့ရတော့ဘူး။ အခုဖြစ်နေတဲ့ မိုင်းရယ်ဘက်တွေကိုဆင်းကုန်တာ။ တချို့ကလည်း နောက်တန်းပြန်တာကြားရတယ်။ ကျနော်က စစ်ဖြစ်ကတည်းကနေ အခုထိ ဒီမှာပဲနေတော့ တွေ့နေရတာ၊ ဗုံးကြဲတော့မယ်ဆိုအနားမှာ ကိုးကန့်တွေကို မတွေ့ရတော့ဘူး။ သတိထားမိတာပေါ့နော်။  ပြီးတော့ လားရှိုးကို ပြန်တိုက်မယ်ပြောတယ် ဒါလည်းမလွယ်ပါဘူး။ ကိုယ့်မြို့ဖြစ်တုန်းကတောင် ဧည့်သည်ကလာတော့ ထွက်ပေးရတာ။ အခုပြန်ဝင်နိုင်မယ်ဆိုတာ ကျနော့်အမြင်တော့ မဖြစ်နိုင်ဘူး”လို့ ပြောပါတယ်။

ဒါအပြင် အခုစက်တင်ဘာလထဲမှာ စစ်တပ်က ပေါင် ၅၀၀ ဗုံးတွေအများဆုံး ကြဲချခဲ့တာလို့ သူက ဆက်ပြောပါတယ်။

DVB ကပြုစုထားတဲ့ စာရင်းတွေအရတော့ စက်တင်ဘာ ၂၄၊ ၂၇ နဲ့ ၃၀ ရက်တွေမှာ အကြိမ်ရေအများဆုံးဗုံးကြဲခဲ့ပြီး စက်တင်ဘာ ၁၃ ရက်၊ လားရှိုးမြို့နယ်ထဲက နမ့်ပေါင်ရွာဗုံးကြဲမှုက ထိခိုက်သူ အများဆုံးဖြစ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ တောင်ကြီးမြို့မှာ စက်တင်ဘာ ၃ ရက်က မြို့ခံတွေနဲ့ တွေ့ဆုံပြီး နောက်ပိုင်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ EAO နဲ့ PDF တွေကို ဖိတ်ခေါ်ပြီး နောက်ပိုင်းတွေမှာ လားရှိုးအပါအဝင် သူလက်လွတ်ထားရတဲ့မြို့တွေက အရပ်သားပစ်မှတ်တွေကို ဆက်တိုက်ဆိုသလို ဗုံးကြဲနေတာဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013