
တိုင်ဖွန်းမုန်တိုင်း KARATHON (ကာရသွန်) ကြောင့် မြန်မာနိုင်ငံနေရာအနှံ့ မိုးရွာနိုင်ပြီး တောင်ပေါ်ဒေသတွေနဲ့ ရေကြီးရေလျှံထားတဲ့နေရာတွေမှာ တောင်ပြိုမြေပြိုတာတွေ သတိထားဖို့ မိုးလေဝသစောင့်ကြည့်လေ့လာသူတွေ ခန့်မှန်းသတိပေးထားပါတယ်။
ထိုင်ဝမ်ကျွန်းကို ဖြတ်သန်းတိုက်ခတ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း ကာရသွန်ကြောင့် အနောက်တောင် လေနဲ့ အရှေ့မြောက်လေစီးကြောင်းတွေ ပိုမိုအားကောင်းလာစေပြီး တနင်္သာရီတိုင်းတောင်ပိုင်း မြိတ်မြို့ အောက်ဘက်ဒေသတွေကလွဲလို့ မြန်မာနိုင်ငံနေရာအနှံ့ မိုးရွာနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၃၀ ညနေကနေ နောက်ထပ် ၂ ရက် ၄၈ နာရီအတွင်းမှာ အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မကွေးတိုင်းတွေမှာ မိုးပိုများနိုင်လာတယ် လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
“တနင်္သာရီတိုင်း တောင်ဘက်ခြမ်း မြိတ်မြို့ရဲ့ အောက်ဘက် မြိတ်နဲ့ကော့သောင်းကြား အဲဒီနေရာလေးပဲ မိုးလျော့နိုင်တယ်။ မရွာနိုင်တာမဟုတ်ဘူး နည်းတယ်ပေါ့။ တကယ်မိုးများနိုင်တာက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ပတ်ဝန်းကျင် မယ်ဆိုင်ချောင်းဖျား၊ ချောင်းတလျှောက်ပေါ့ အဲဒီနေရာတွေက မိုးရေချိန်ကလည်း ၄ လက်မကျော်လောက် မီလီမီတာ ၁၃၄ မီလီမီတာလောက် ရွာနိုင်တဲ့အခြေအနေတွေ့ရတယ်၊ ပြီးတော့မှ အလယ်ပိုင်း ဒေသတွေထဲမှာကတော့ နေပြည်တော်ကစလို့ အပေါ်ကို မကွေးတိုင်းဘက်ကိုရော မန္တလေးတိုင်း ဘက်ကိုရော အဲဒီဘက်တွေမှာလည်း မိုးများနိုင်တဲ့အခြေအနေရှိတယ်။”
မိုးရွာနိုင်မယ့် ဒေသတွေကတော့ ရှမ်းပိုင်တောင်ပိုင်း နမ့်စမ်၊ ကျိုင်းတုံနဲ့ တောင်ကြီးဘက်တွေမှာ မိုးရွာပေမဲ့ မိုးမများဘဲ နတ်မောက်၊ ကျောက်ပန်းတောင်းနဲ့ မိတ္တိလာကြားက ဒေသတွေမှာတော့ မိုးရေချိန် ၄ လက်မလောက်ထိ ရွာသွန်းနိုင်တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေဖြစ်တဲ့ တန့်ဆည်နဲ့ ဟုမ္မလင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ ကလေးမြို့ စတဲ့ ဒေသတွေမှာတော့ ၄ လက်မကျော် ရွာသွန်းနိုင်ပါတယ်။ ဒါ့အပြင် မကွေးတိုင်းနဲ့ချင်းပြည်နယ် အစပ် ဟားခါးမှာလည်း ၄ လက်မဝန်းကျင်ထိ ရွာပြီး မိုးများနိုင်ပါတယ်။
ရခိုင်ပြည်မှာတော့ ကျောက်ဖြုူ၊ မာန်အောင်၊ တောင်ကုတ်၊ ငပလီ စတဲ့မြို့နယ်တွေမှာ မိုးများပြီး ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းတွေမှာ မိုးရွာနိုင်ကာ ပဲခူးမြို့ပေါ်မှာတော့ မိုးပိုများမှာဖြစ်ပါတယ်။
ရန်ကုန်မှာလည်း မိုးအနည်းငယ်ရွာပြီး ခရမ်းသုံးခွမှာ မိုးများမှာဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မှာလည်း မိုးမများပေမဲ့ မိုးရေချိန် ၁ လက်မကျော်ရွာမှာဖြစ်လို့ ရေကြီးမှုကို ဆက်လက်ကြုံနေရဦးမှာလည်းဖြစ်ပါတယ်။
လေပွေလှိုင်းလို ဝင်ရောက်လာတဲ့ မိုးတိမ်တွေ မဟုတ်ပေမဲ့ မိုးရွာသွန်းတာကြောင့် တောင်ပေါ်ဒေသတွေနဲ့ ရေကြီးမြေပြို ဖြစ်ပွားခဲ့တဲ့နေရာတွေအတွက်တော့ တောင်ပြိုမြေပြိုတာနဲ့ တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းနိုင်တာတွေ သတိထားဖို့ လိုတယ်လို့ ဦးဝင်းနိုင်က ထပ်မံသတိပေးပါတယ်။
“ပြီးခဲ့တဲ့ မုန်တိုင်းအကြွင်းအကျန်တွေဝင်လာတဲ့ အနေအထားလောက် မိုးမများနိုင်ဘူးပေါ့။ အဓိကကတော့ အဲတာပေါ့ စိုးရိမ်စရာမရှိဘူး။ ဒါပေမဲ့ မိုးတိမ်တွေကလည်း ဝင်လာတဲ့ အနေအထားက မိုးရေချိန်က ၃ လက်မတို့ ၄ လက်မတို့ရွာနိုင်တဲ့ နေရာတွေလည်းရှိတော့ တောင်ပေါ်ဒေသတွေ တောင်ကျချောင်းရေစီးနိုင်တဲ့ဒေသတွေ နဂိုရေကြီးထားတဲ့နေရာတွေ မြေကြီးတွေ စိုအိနေတဲ့နေရာတွေမှာတော့ ထပ်ပြီး မြေပြိုတာတွေဖြစ်နိုင်တယ်၊ ဒါတွေကိုတော့ သတိထားဖို့လိုပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ရေပြန်ကျနိုင်ဖို့ အတွက်ကတော့ အခုတခါထပ်ပြီး ရွာမယ့်မိုးသည်မများပေမဲ့ ထပ်ပြီးအဝင် source က ရှိဦးမှာဖြစ်တဲ့အတွက် ရေကျဖို့ကတော့ ကြိုတင်ခန့်မှန်းထားတဲ့ ရက် ၆၀ ဖြစ်နိုင်ပါတယ်၊ အဲဒီလောက်ထိကြာသွားနိုင်ပါတယ်။”
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၅ ရက်ကျော်ကာလတွေမှာ မိုးများနိုင်မယ့် အခြေအနေတွေ လွန်မြောက်မှာဖြစ်ပြီး မိုးနှောင်းကာလနဲ့ မိုးလွန်ကာလတွေမှာ ရွာသွန်းတတ်တဲ့ အခါလွန်မိုး (စိုက်ပျိုးရေးအဖျက်မိုး) တွေ ရွာနိုင်မယ့် အခြေအနေက လျော့ပါးသွားနိုင်မယ်လို့လည်း သိရပါတယ်။
ဝေဝေ










