
ပဲခူးတိုင်းအရှေ့ပိုင်းရှိ မြို့နယ်တချို့မှာ သန်းခေါင် စာရင်း လာရောက်ယူနိုင်မယ့်ရက်ကို အသိပေးအကြောင်းကြားဖို့ နေအိမ်တွေကို စာဖြန့်ဝေထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း အမှတ်တံဆိပ်ပါအကြောင်းကြားစာကို နေအိမ်တွေဆီ ဖြန့်ဝေထားတာဖြစ်ပြီး သန်းခေါင်စာရင်းလာရောက်ကောက်ချိန်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ခေါင်စုအကြောင်းဖြေကြားပေးနိုင်မယ့် အိမ်ထောင်စုဝင်တဦးဦးက စောင့်ဆိုင်းပေးဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် မိမိရဲ့ နေအိမ်ကို ဘယ်နေ့၊ ဘယ်အချိန် လာကောက်ရမယ်ဆိုတာကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် အသိပေးဖို့ကို မေတ္တာရပ်ခံတယ်ဆိုပြီးလည်း အကြောင်းကြားစာမှာ ဖော်ပြထားတာပါ။
ပဲခူးမြို့ဒေသခံတယောက်က “ရွာလူကြီးက လက်ဆင့်ကမ်းဖြန့်ဝေထားတာ။ ဘယ်သူမှလည်း စိတ်ဝင်တစားမရှိပါဘူး။ သူတို့ဘယ်နေ့ လာမယ်လည်းမပြောဘူး။ ကိုယ်အားမယ့်ရက်ကို အလုပ်ရူပ်ခံပြီးလည်း ပြန်ပို့မနေတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကစပြီး ကောက်သွားမယ်လို့ ကြေညာထားပြီး သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို စက်တင်ဘာ ၃၀ ရက် ည ၁၂ နာရီ သတ်မှတ်ထားပါတယ်။
အဲဒီသန်းခေါင်စာရင်းကောက်ယူဖို့အတွက် ရန်ကုန်မြို့မှာလည်း အချိန်ကုန်သက်သာအောင်ဆိုပြီး ကြိုတင်မေးခွန်းတချို့ ဖြန့်ဝေကာ ဖြည့်ခိုင်းထားတာမျိုးတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူဖို့ကို စိတ်အားထက်သန်နေပေမဲ့ တော်လှန်ရေး အင်အားစုတွေက သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဥ်မှာ ပါဝင်မယ့်သူတွေကို သတိပေးထားပါတယ်။
စစ်ကောက်စီက ကောက်မယ့်သန်းခေါင်စာရင်းမှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရသလို မသမာတဲ့လုပ်ရပ်မှာ အသုံးချမှာကိုလည်း ပြည်သားတွေက စိုးရိမ်နေကြပါတယ်။











