DVB Logo
Home
မြန်မာသတင်း
ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်အကျဉ်းသားများ လဲလှယ်
DVB
·
September 30, 2024
ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်အကျဉ်းသားများ လဲလှယ်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (အေအေ) ထံ စစ်ရှုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ယောက်နဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ယောက်တို့ စက်တင်ဘာ ၂၉ ရက်မှာ အလဲအလှယ်လုပ်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေမှာ ရေးသားပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်ရဲ၊ စစ်သား၊ အကောက်ခွန် အရာရှိတွေ၊ အစိုးရ အရာရှိတွေ အမျာအပြား ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ထွက်ပြေးခဲ့ကြတာဖြစ်ပြီး နေရပ်ပြန်ပို့နိုင်ရေးအတွက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာပါ။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ယောက်ကို စက်တင်ဘာ ၂၈ ရက်က နေရပ်ပြန်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကလည်း ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ယောက်ထဲမှာတော့ မော်လမြိုင်အကျဉ်းထောင်က ၂၆ ယောက်၊ ပုသိမ်အကျဉ်းထောင်က ၁၆ ယောက်၊ ကျိုက်မရော အကျဉ်းထောင်က ၃ ယောက်စီနဲ့ ကျန်တဲ့သူတွေကတော့ ရခိုင်ပြည်နယ် အကျဉ်းထောင်တွေထဲ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ထဲက အများစုကတော့ ကော့ဇ်ဘဇား၊  နာရာရန်ဂန်ဂျ်နဲ့ နာရှင်ဒီခရိုင်တွေကဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဘန်ဒါဘန်၊ ရန်ဂါမတီ၊ ခါဂရာချရီ၊ နိုခါလီ၊  ဒါကာရီခရိုင်တွေက ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ကော့ဘဇားမှာရှိတဲ့ နူနီရာချာရာဆိပ်ကမ်းကို စစ်ကောင်စီက ပို့ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း အဲဒီဆိပ်ကမ်းကနေ ပြန်လည်ပို့ဆောင်သွားမယ်လို့ ကော့ဘဇားခရိုင်ရဲ့ ဒုတိယကော်မရှင်နာ မိုဟာမက်ဆာလာဟူဒင်က  သတင်းဌာနတွေမှာ အတည်ပြုကြားထားပါတယ်။

ရခိုင်စစ်ရေး အကဲခတ်တယောက်က  “မောင်တောတိုက်ပွဲအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားရတဲ့ စစ်သားတွေက မနည်းဘူး။ အခုလက်ရှိ ရခိုင်ပြည်မှာလည်း စစ်အင်အားတွေ လိုအပ်နေတာကြောင့် အရပ်သားနဲ့ စစ်သားတွေကို လဲလှယ်ရတာမနည်းတော့ဘူး။ အဓိကတော့ သူတို့ရဲ့ ရခိုင်ပြည်က တပ်စခန်းတွေမှာ ခံစစ်အင်အားဖြည့်တင်းဖို့ လိုအပ်တာကြောင့် အခုလို လဲလှယ်နေကြရတာဖြစ်တယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ၄ ကြိမ်မြောက် လဲလှယ်ကြတာလည်းဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်ထံ စစ်ရှုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲဝင်နဲ့ ဝန်ထမ်း ၈၀၀ ကျော်အထိရှိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ရေးသားကြပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ  ၃၃၀ ယောက်၊ ဧပြီ ၂၅ မှာ ၂၈၈ ယောက်၊ ဇွန် ၈ ရက်နေ့မှာ ၁၃၄  ယောက်နဲ့ အခုစက်တင်ဘာ ၁၂၃ ယောက်တို့ကို လဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ မောင်တောမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး အာရက္ခတပ်တော်ဘက်က ထိုးစစ်အရှိန်မြှင့်သွားမယ်လို့လည်း ပြောထားပါတယ်။

Source: Dhaka Tribune/BSS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013