DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အသစ် မခန့်တော့ဘဲ သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ
DVB
·
September 30, 2024
ဂျပန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အသစ် မခန့်တော့ဘဲ သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ
Donate to DVB

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို သံအမတ်ကြီးအသစ်စေလွှတ် ခန့်အပ်သွားတော့မှာ မဟုတ်ကြောင်းနဲ့ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်တာဖြစ်တယ်လို့ သံတမန်ရေးဆိုင်ရာ အရင်းအမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Japan Today သတင်းမှာ စက်တင်ဘာ ၂၉ ရက်က ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့  အီချီယို မာရုယာမဟာ အခုသီတင်းပတ်အကုန်မှာ တာဝန်ပြီးဆုံးတော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

သံတမန် အရင်းအမြစ်တွေအရ သံအမတ်ကြီးအောက် တဆင့်နိမ့်ရာထူးဖြစ်တဲ့ သံအကြီးအကဲ ရှိုးဂိုယိုရှီတကဲ့က ရန်ကုန်ရှိ ဂျပန်သံရုံးမှာ သံရုံးတာဝန်ခံအနေနဲ့ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သံအမတ်ကြီးအသစ် ခန့်အပ်ရေးမှာ အာဏာသိမ်း စစ်ကောင်စီထံ အထောက်အထား တင်ပြသွားဖို့ လိုအပ်တာကြောင့် သံတမန်သစ် စေလွှတ်တာဟာ စစ်ကောင်စီကို ထောက်ခံရာရောက်တဲ့ လုပ်ရပ်တခု ဖြစ်မှာကို ဂျပန်အစိုးရအနေနဲ့ စိုးရိမ်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဂျပန်အတွက် အရေးပါတယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲဖွယ် မရှိဘူးလို့လည်း ဂျပန် သံတမန်အရင်းအမြစ်တခုက ပြောပါတယ်။

အနောက်နိုင်ငံတွေနဲ့ မတူတာက မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက ဂျပန်နိုင်ငံဟာ စစ်တပ်အပေါ် ဒါမှမဟုတ် စစ်တပ်ရဲ့နောက်လိုက် အပေါင်းအပါ လူတဦးတယောက်ချင်းစီကို ဖြစ်စေ၊ အဖွဲ့အစည်းတွေအပေါ် ဖြစ်စေ အရေးယူ ပိတ်ဆို့ကန့်သတ်တာတွေ ချမှတ်ခြင်းမရှိဘဲ စစ်ကောင်စီနဲ့ ဆက်ဆံမှုပြုနေတာဟာ ဂျပန်အစိုးရရဲ့ ပုံရိပ်ကို ကျဆင်းစေနိုင်တယ်လို့လည်း အရင်းအမြစ်တွေက ထောက်ပြထားပါတယ်။

အမေရိကန်၊ ဥရောပနိုင်ငံ တချို့နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ကြပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ သံတမန်ရေးဆိုင်ရာ အဆင့်လျှော့‌ချသွားမယ့် ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်မြင်မှု အရှိန်အဟုန် အားကောင်းလာချိန်မှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Source: Japan Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013