စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက တဂေါင်းအိုင်ရွာနဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က နေရာ ၂ ခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကောလင်းမြို့နယ်အနောက်ခြမ်းက တဂေါင်းအိုင်ရွာကို စက်တင်ဘာ ၂၈ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ စစ်တပ်က လေကြောင်းကနေ ၈ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကန့်ဘလူ ၆၀၀၆ ကနေ လာပစ်တာဗျ။ ဘယ်ကိုပစ်တာလဲဆိုတော့ တဂေါင်းအိုင် အလက(ခွဲ)စာသင်ကျောင်းကို ပစ်သွားတာဗျ။ ဘာလို့ပစ်တာလဲဆိုတော့ သတင်းပေး ရှိလို့နေမယ်။ အထိခိုက်ကတော့ လူကြီးတဦး လက် ကျည်စထိမှန်တယ်။ ကလေးတဦးလည်း ခြေထောက်ကျည်စထိမှန်တာ။ အားလုံးကတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
တဂေါင်းအိုင်ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး အဲဒီကျေးရွာနားမှာ ကောလင်းမြို့နယ် ပကဖက ဖွင့်လှစ်ထားတဲ့ ဆေးခန်လည်းရှိပြီး တပ်ရင်းတပ်ဖွဲ့တွေ ဖြတ်သန်းသွားလာတာမျိုးတွေလည်း ရှိတယ်လို့ DVB က စုံစမ်းသိရှိရပါတယ်။
ဒေသခံရဲဘော်တယောက်က “ပစ်တာက Mi35 အမျိုးအစားနဲ့လာပစ်တာ။ ပစ်ခတ်မှုက ၈ ကြိမ်ပစ်တာ။ လေယာဉ်ပေါ်ကနေ Rocket နဲ့ ရော၊ စက်လက်နဲ့ရော ပစ်တာ။ အသေးစိတ် အပျက်အစီးကတော့ ဘာမှမသိရသေးဘူး။ ပစ်တဲ့နေရာကတော့ ရွာရဲ့ဘေး သစ်တောထဲရယ်၊ စာသင်ကျောင်းရယ်ကို အဓိကထား ပစ်သွားတာ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက နေရာ ၂ ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံး ၇ လုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး သံဃာတော် ၁ ပါး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားတောင်ကုန်းပေါ်ကို ဗုံး ၃ လုံး ကြဲချပြီး စက်သေနတ်တွေနဲ့လည်း ပစ်တဲ့အတွက် ဘုန်းကြီးကျောင်းက ကျောင်းဆောင်တွေပေါ်ကိုကျပြီး ကျောင်းဆောင်တွေအကုန် ပျက်စီးသွားသလို ရွာထဲက အိမ်တွေလည်းပျက်စီးသွားပြီး တရွာလုံးထွက်ပြေးလာတာကြောင့် ပျက်စီးသွားတဲ့ အိမ်အရေအတွက် အတိအကျမသိရသေးဘူးလို့ ထွက်ပြေးလာတဲ့ ဘုရားတောင်ကုန်း ရွာခံတယောက်က DVB ကိုပြောပါတယ်။
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသအခေါ် ဘုရားတောင်ကုန်းလို့ ခေါ်တဲ့ကျေးရွာက ဘုရားတောင်ကုန်း ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတော် ၁ ပါး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီနေ့က ဘုရားတောင်ကုန်းရွာနဲ့ နဂါးပွက်ရွာကို စုစုပေါင်း ဗုံး ၇ လုံး ကြဲသွားတာဖြစ်ပြီး ရွာခံတွေ အကုန်လုံးနီးပါးက ထွက်ပြေးနေကြတယ်လို့ ပေါက်မြို့နယ်က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က ပြောပါတယ်။
အဲကျေးရွာတွေရဲ့ အနားဝန်းကျင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် တခြားလက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေပြီး လေကြောင်းကနေပါ တိုက်ခိုက်လာတာဖြစ်ပါတယ်။