DVB Logo
Home
နိုင်ငံတကာ
ဘေရွတ်တောင်ပိုင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှု လူ ၂ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရ
DVB
·
September 28, 2024
ဘေရွတ်တောင်ပိုင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှု လူ ၂ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရ
Donate to DVB

ဘေရွတ်မြို့တော်တောင်ပိုင်းရှိ  ဒဟိယဆင်ခြေဖုံးရပ်ကွက်ကို အစ္စရေးက လေကြောင်း တိုက်ခိုက်တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ ၁ နှစ်ကျော်အတွင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တွေမှာ အခုသောကြာနေ့မွန်းလွဲပိုင်းက တိုက်ခိုက်မှုဟာ ၇ ကြိမ်မြောက်ဖြစ်ပြီး အကြီးမားဆုံး ပေါက်ကွဲမှုဖြစ်တယ်လို့ တရုတ်မီဒီယာအုပ်စု (CMG) မှ အစီရင်ခံခဲ့ပြီး ပေါက်ကွဲမှုကို ၁၀ ကီလိုမီတာအကွာအထိ ခံစားရတယ်လို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ သတင်းထောက်က ရေးသားထားပါတယ်။ 

ပြီးခဲ့တဲ့ တိုက်ခိုက်မှု ၆ ကြိမ်မှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် နှစ်ဦး၊ တပ်မှူးအများအပြားနဲ့ အရေးကြီး အဖွဲ့ဝင် အများအပြား ဆုံးရှုံးခဲ့ရကြောင်းလည်း ဆိုပါတယ်။ 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ဒါဟာ စစ်သွေးကြွအဖွဲ့ရဲ့ အမာခံနယ်မြေလို့ သိကြတဲ့ ဒဟိယ ရပ်ကွက်မှာ လူနေ အဆောက်အအုံတွေအောက်က ဟစ်ဇ်ဘိုလာရဲ့ အဓိကဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း ပြောကြားထားပါတယ်။ 

အစ္စရေးစစ်တပ်ဟာ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ အဆောက်အအုံတချို့ကို ချက်ချင်း ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ ပထမဆုံးအကြိမ် တောင်းဆိုခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အဗီချေ အဒ်ရာအီက ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ ရေးသားခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက် အစောပိုင်းမှာ ဘေရွတ်မြို့လယ်က အာဇာနည်ရင်ပြင်မှာ အိုးမဲ့အိမ်မဲ့တွေ ပြည့်နှက်ခဲ့ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု   မိန့်ခွန်းပြောပြီး မကြာခင်မှာပဲ ဘေရွတ်ကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တုန်ဟည်း သွားပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ သောကြာနေ့အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုကို သူ့ဟိုတယ်ကနေ အတည်ပြုခဲ့ပြီး ကုလသမဂ္ဂမှာ မိန့်ခွန်းပြောပြီးနောက် သတ်မှတ်ရက်ထက် စောပြီး အစ္စရေးကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြောင်း နေတန်ယာဟုရဲ့ရုံးက ပြောကြားခဲ့ပါတယ်။

သောကြာနေ့ ကုလအထွေထွေညီလာခံအတွင်းမှာ လက်ဘနွန်နဲ့ ပြင်းထန်နေတဲ့ ပဋိပက္ခတွေ အတွက် ချက်ချင်း အပစ်အခတ် ရပ်စဲရေး တောင်းဆိုချက်တွေကို နေတန်ယာဟုက ပယ်ချ ခဲ့ပါတယ်။ 

အီရန်ရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာတာကိုလည်း သတိပေးထားပြီး အစ္စရေးဟာ တီဟီရန်မှ စီစဉ်တဲ့ စစ်မျက်နှာပေါင်းများစွာကို ရင်ဆိုင်ရမယ်လို့လည်း အကြံပြုထားပါတယ်။ 

အစ္စရေးဟာ တနင်္လာနေ့က လက်ဘနွန်နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အထူးခြားဆုံး စစ်ရေးလှုပ်ရှားမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လက်ဘနွန် ကျန်းမာရေး၀န်ကြီးဌာနရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုတွေကြောင့် အခုသီတင်းပတ် အတွင်း တိုင်းပြည်မှာ သေဆုံးသူ ၇၀၀ နီးပါး ရှိခဲ့ကြောင်း သိရပါတယ်။ 

ဟစ်ဇ်ဘိုလာဟာ ဟားမတ်စ်ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေး မြောက်ပိုင်းကို ဒုံးကျည်တွေ စတင် ပစ်လွှတ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက လက်ဘနွန်မှာ လူပေါင်း ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကြာသပတေးနေ့မှာ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့မှ ခန့်မှန်းထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013