DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ရေဆက်လက်မြင့်တက်နေပြီး ပြည်သူများအကူအညီလိုအပ်၊ စိုက်ပျိုးဧက ၃,၆၀၀ ခန့် ရေလွှမ်း
DVB
·
September 26, 2024
လွိုင်ကော်တွင် ရေဆက်လက်မြင့်တက်နေပြီး ပြည်သူများအကူအညီလိုအပ်၊ စိုက်ပျိုးဧက ၃,၆၀၀ ခန့် ရေလွှမ်း
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နဲ့ အနီးအနားဒေသတွေမှာ ဒီနေ့အချိန်အထိ ရေဆက်လက်မြင့်တက်နေတာကြောင့် ပြည်သူတွေ အကူအညီလိုအပ်နေတယ်လို့ ရေဘေးအခက်အခဲ ဖြစ်နေသူတွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်လောက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာ၊ ဖယ်ခုံအင်းက ရေဝင်ရောက်တာ၊ မိုးဗြဲရေကာတာ ဖောက်ချတာတွေကြောင့် ဘီလူးချောင်းရေက တနေ့ထက်တနေ့ မြင့်တက်နေတာပါ။

“လွိုင်ကော်မြို့မှာ ရေကတက်တယ်။ တချို့ လမ်းမတွေမှာတော့ ကားနဲ့သွားလို့ရတဲ့ နေရာတွေ ရှိသေးတယ်။ နန်းမယ်ခုံဘက်က ရေပိုတက်တယ်။ ရေပြင်ကို ကြည့်ခြင်းအားဖြင့် တရက်ကို တပေနှုန်းလောက် တက်နေတယ်လို့ ခန့်မှန်းမိတယ်ပေါ့နော်” လို့ ကူညီပေးသူက ပြောပါတယ်။

လွိုင်ကော်မြို့က ရှမ်းပိုင်း၊ ဒေါနိုးကူး၊ နမ့်ကွတ်၊ ရွှေတောင်၊ ဒေါတမ၊ စျေးပိုင်း၊ မှုံပြာ၊ ဒေါဥခူ၊ မင်းစု၊ ဓမ္မာရုံ၊ လောဓမ၊ မင်္ဂလာ၊ ရေနီကန်၊ ချိကယ်၊ မိုင်းလုံးရပ်ကွက်တွေနဲ့ လွိုင်ကော် အနီးနားက ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတောကျေးရွာတွေမှာ ရေဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။

ရေဆက်လက်မြင့်တက်မှုကြောင့် ရေဘေးအခက်အခဲဖြစ်တဲ့သူ ပိုများလာပြီး အစားအသောက်နဲ့ ရိက္ခာခြောက်တွေ လိုအပ်နေကာ နန်းမယ်ခုံအနီးနားက စိုက်ပျိုးဧက ၃,၆၀၀ လောက်လည်း ရေလွှမ်းမိုးခံလိုက်ရတယ်လို့ သိရပါတယ်။

ရေဘေးအခက်အခဲကြုံနေရတဲ့ အမျိုးသမီးတယောက်က “ရေက ထပ်ပဲတက်နေတာ၊ ကျဖို့က ကြာဦးမယ်ထင်တယ်။ တချို့ဆို နေရာ ထပ်ရွှေ့ရတာတွေလည်း ရှိနေတယ်။ ဘာမှလည်း လုပ်စားလို့မရတော့ဘူး” လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲတွေလည်း စတင်ဖြစ်ပေါ်နေတယ်လို့ ရေဘေးကူညီပေးနေသူတယောက်က ပြောပါတယ်။

ကရင်နီပြည်မှာ ရေဘေးအခက်အခဲကြောင့် ပြည်သူ ၂၅ ယောက်အထိ သေဆုံးခဲ့ရပြီး ရေဘေးအခက်အခဲ ကြုံတွေ့နေရသူ ၃၀,၀၀၀ ကျော်ရှိတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013