DVB Logo
Home
မြန်မာသတင်း
စစ်ရေးအရှိန်မြှင့်ပြီး အုပ်ချုပ်ရေးပစ်မှတ်များကို တိုက်ခိုက်မည်ဟု တနင်္သာရီတိုင်းစစ်ဌာန ပြော
DVB
·
September 26, 2024
စစ်ရေးအရှိန်မြှင့်ပြီး အုပ်ချုပ်ရေးပစ်မှတ်များကို တိုက်ခိုက်မည်ဟု တနင်္သာရီတိုင်းစစ်ဌာန ပြော
Donate to DVB

တနင်္သာရီတိုင်း မြို့နယ် ၃ ခုမှာ စစ်ရေးအရှိန် တိုးမြှင့်ပြီး စစ်ရေး၊ အုပ်ချုပ်ရေးပစ်မှတ်များကို တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) ရဲ့ တနင်္သာရီတိုင်းစစ်ဌာနက တနင်္သာရီတိုင်း မြိတ်ခရိုင်က ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ် စတဲ့ မြို့နယ်သုံးခုမှာ စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားကာ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်တွေကိုပါ တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာရာမှာ မနက် ၆ နာရီကနေ ည ၆ နာရီအတွင်း သွားလာကြဖို့၊ ခရီးသွားကားတွေအနေနဲ့လည်း မှန်ချပြီး မောင်းနှင်ကြဖို့နဲ့ ကုန်ကားတွေအနေနဲ့လည်း အလုံပိတ်ဖုံးအုပ်ထားတာတွေ မပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါသေးတယ်။

တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော် စတားက  “ကြေညာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီရဲ့ စစ်ရေး ရည်မှန်းချက်တွေ မအောင်မြင်အောင် ကျနော်တို့က ကာကွယ်တားဆီးတဲ့ အနေနဲ့လည်း ဖြစ်တယ်။ နောက်တခုကတော့ သူတို့ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကိုလည်းပဲ မအောင်မြင်စေဖို့၊ တချို့နေရာတွေမှာဆိုရင် နေရာတော်တော်များများမှာဆိုရင် အဓမ္မ စစ်မှုထမ်း အခေါ်ခံရတာတွေ ရှိတယ်။ ဒါကို သူတို့ရဲ့ အုပ်ချုပ်ရေး ထောက်တိုင်ကနေပြီးတော့ မလုပ်ရဲလောက်အောင် ကျနော်တို့ တတ်တိုင်သမျှ ကာကွယ်နေတာ ဖြစ်တယ်။ နောက်တခုကတော့ သူတို့ရဲ့ တပ်အရွေ့အပြောင်း အလုံးအရင်းတွေကို အလွယ်တကူ သွားလာလို့ မရအောင် ကျနော်တို့ တားဆီးလိုတာ ဖြစ်ပါတယ်ခင်ဗျ။”

စစ်ကောင်စီက တောင်ပိုင်းစစ်ဒေသရဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ စုစည်းမှုမရှိအောင် PDF တွေအပေါ် သွေးခွဲမှုတွေ၊ ဝါဒဖြန့်မှုတွေ လုပ်ဆောင်လာပြီး တနင်္သာရီတိုင်းမှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ 

တောင်ပိုင်းစစ်ဒေသတခုဖြစ်တဲ့ တနင်္သာရီတိုင်းမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ရွာတွေ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဒရုန်းဗုံးသီးချတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေလည်း ဒီတစ်ပတ်အတွင်း ဆက်တိုက် ပြုလုပ်လာနေပါတယ်။

တနင်္သာရီမြို့နယ်မှာလည်း တပတ်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ခဲ့သလို စစ်ကောင်စီက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေအပြင် ဒရုန်းတွေပါ အသုံးပြုတိုက်ခိုက်နေတာပါ။

NUG-MOD က သတ်မှတ်ထားတဲ့ တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်းမှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ ပါဝင်ပါတယ်။ 

စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်းမှာ လက်လွှတ်ဆုံးရှုံးရတာတွေ များနေပြီး အခုလို တောင်ပိုင်းစစ်ဒေသကိုတော့ လက်လွှတ်ဆုံးရှုံးမခံရဖို့ အများကြီး ကြိုတင်ပြင်ဆင်နေကာ EAOs တွေနဲ့ PDF တွေအပေါ် သွေးခွဲမှုတွေ အမျိုးမျိုးလုပ်နေတယ်လို့ NUG ရဲ့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး အောင်စံရှားက ပြောပါတယ်။

“စစ်ကောင်စီက တောင်ပိုင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ စုစည်းမှုမရအောင် နောက် EAOs တွေအပေါ်မှာရော ဒီ PDF တွေ အပေါ်မှာပါ သွေးခွဲမှု အမျိုးမျိုး လုပ်တယ်ပေါ့။ ပြီးတော့ ဒီတောင်ပိုင်းကို နောက် အခုနောက်ပိုင်းဆို တောင်ပိုင်းကို မထောက်ပံ့ မကူညီဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်သူလူထုတွေကြားမှာလည်း သွေးခွဲမှုတွေ၊ ဝါဒဖြန့်မှုတွေ လုပ်တယ်။ သူတို့ရဲ့ ဝါဒဖြန့်တာတွေကလည်း ထိရောက်တယ် ပြောရမယ်။ ကိုယ့်ဘက်က လူတွေကအစ ဒီလိုမျိုး အမြင်တွေ ရှိလာပြီးတော့မှ တောင်ပိုင်းအဖွဲ့တွေမှာ တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးအရှိန်လျော့သွားတာတွေ တချို့ မလိုလားအပ်တဲ့ ကိစ္စတွေပေါ့နော် အဲ့လိုမျိုးတွေပေါ်ပေါက်လာတာပေါ့နော်။ အဲ့လိုမျိုးတွေ အများကြီး သတိထားရမယ်။”

တောင်ပိုင်းစစ်ဒေသရဲ့ တော်လှန်ရေးအရှိန် ပိုမိုအားကောင်းလာဖို့ ရန်သူရဲ့ လှည့်ကွက်ထဲ ရောက်မသွားဖို့ သတိထားဖို့လိုပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူလူထုတွေ အားလုံး စိတ်ဝမ်းမကွဲဖို့ လိုတယ်လို့ ဆိုတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013