DVB Logo
Home
မြန်မာသတင်း
တနင်္သာရီနှင့်သီပေါတွင် စစ်တပ်က လက်နက်ကြီးအပါအဝင် လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲ 
DVB
·
September 25, 2024
တနင်္သာရီနှင့်သီပေါတွင် စစ်တပ်က လက်နက်ကြီးအပါအဝင် လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲ 
1 / 5
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာကို လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ကနေ စက်တင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီ ကျော် လောက်မှာ ပဝကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေ က ပြောပါတယ်။

လက်နက်ကြီး ၃ လုံးခန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပဝရွာထဲက လူနေအိမ်အနီး ကျရောက်ပေါက်ကွဲကာ ခြံထဲက အပင်တချို့ ထိခိုက်ပျက်စီးခဲ့သလို နေအိမ်တွေမှာပါ ကျည်အစ စင်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ပဝရွာနဲ့ အမြောက်တပ်က အလှမ်းဝေးတော့ လက်နက်ကြီးပစ်သံတွေ မကြားရဘူး။ ရွာသားမှာတော့ ထိခိုက်မှုမရှိပေမဲ့ လက်နက်ကြီးအသံမကြားဘဲ လာကျနေတော့ ကြောက်နေရတယ်။” 

စက်တင်ဘာ ၂၅ ရက် မနက် ၈ နာရီလောက်မှာလည်း အဆိုပါအမြောက်တပ်ကနေ ပဝရွာကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

အဆိုပါ ၂ ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ လူနေအိမ်တွေသာ ထိခိုက် ပျက်စီးခဲ့ပြီးတော့ လက်ရှိအချိန်ထိ အရပ်သားပြည်သူထိခိုက်မှုတွေတော့ မရှိသေးဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်ကလည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာကို ၃၀၆ အမြောက်တပ်က လက်နက်ကြီးတွေပစ်ခတ်တဲ့ ဒေသခံအမျိုးသမီး ၃ ဦးမှာ ကျည်အစ ထိမှန် ဒဏ်ရာ ရသွားပြီးတော့ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်က စက်တင်ဘာ အစပိုင်းကတည်းက တနင်္သာရိမြို့နယ်၊ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တဲ့အပြင် ဒရုန်းတွေအသုံးပြုပြီး ရွာတွေထဲကို ဗုံးသီးချ တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ရှိနေပါတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ်မှာလည်း စစ်ကောင်စီက ၂ ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ယောက်သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ လာရောက် ဗုံးကြဲခဲ့ပြီး နားလွယ်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် မောင်ကြည်တာ၊ ၂၁ နှစ်အရွယ် မောင်ဂူသာ၊ အသက် ၅၀ အရွယ် ဒေါ်မာလေးနဲ့ ၇၇ နှစ်အရွယ် ဒေါ်အေနွန်တို့ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးတော့ အသက် ၂ နှစ်အရွယ် ကလေးအပါအဝင် အမျိုးသား ၃ ယောက်မှာ ဦးခေါင်းနဲ့ ခြေထောက်၊ ပေါင်၊ လက်မောင်းတို့ အပြင်းအထန်ဒဏ်ရာရခဲ့ပြီး နားလွယ်ရွာက အိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ရသလို မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးလည်း ကျန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၂ ရက် ည ၈ နာရီခွဲလောက်ကလည်း စစ်ကောင်စီ Y-12 လေယာဉ်နဲ့ ဗုံး အလုံး ၂၀ ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်ကလည်း သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ ထိမှန်ဒဏ်ရာရပြီး တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့ကိုလည်း လေယာဉ်နဲ့ အကြိမ်ကြိမ်လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရသလို နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013