DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်ကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်
DVB
·
October 7, 2014
မုန်တိုင်းငယ်ကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်
Donate to DVB

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက် ကမ်းလွန်ပင်လယ်ပြင်တွင်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလဌာနက ကြေညာထားပါတယ်။

လေတိုက်နှုန်းကတော့ မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့ မြေပြင်လေဟာ ၁ နာရီ မိုင် ၄၀ နှုန်းအထိ တိုက်ခတ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်က  မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကတော့ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီအချိန် မုန်တိုင်းအခြေအနေ ခန့်မှန်းချက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ခုလို ပြောပါတယ်။

“သူက မုန်တိုင်းငယ်အဆင့်နီးပါး ရောက်သွားပြီ။ ၉၉ ဘီလို့ နာမည်ပေးထားတယ်။ အဲဒီကောင်က ကိုကိုးကျွန်းကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းထဲကို သွားဖို့ ရှိတယ်။ လောလောဆယ် လေတိုက်နှုန်းက ၁ နာရီကို ၂၅ ကနေ မိုင် ၃၀ လောက်ပဲ တိုက်သေးတယ်။ သူက ကျနော်တို့ အနီးဆုံးတွက်တော့ ဘန်ကောက်ကနေ အနောက်တောင်ယွန်းယွန်း ၃၉၀ မိုင်အကွာ ရေပြင်။ ကိုကိုးကျွန်းကို ဖြတ်သွားတယ်။ ခန့်မှန်းတာတော့ ဒီကောင်က ဘင်္ဂလားပင်လယ်အော်ကို ရောက်ရင်တော့ အားပိုကောင်းပြီး ဆိုင်ကလုံးမုန်တိုင်းတခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။”

မုန်တိုင်းအန္တရာယ် ကျရောက်နိုင်တဲ့  နေရာဒေသတွေနဲ့ ပတ်သက်ပြီး  ဦးထွန်းလွင်က ခုလို သတိပေးထားပါတယ်။

“လမ်းကြောင်းမှန်ပေါ်မူတည်တယ်။ အခုလို အနောက်မသွားဘဲနဲ့ အနောက်မြောက်ဘက်တို့ တက်ရင်တော့ မြစ်ဝကျွန်းပေါ် ဦးတည်သွားတာပေါ့။ ဦးတည်သွားတော့ အန္တရာယ်ပိုကြီးတာပေါ့။ အခုက အနောက်သွားတဲ့အတွက် မြစ်ဝကျွန်းပေါ် မတက်ဘူး။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကနေ အရှေ့အလယ်ပိုင်းတို့ကို ပြန်ကွေ့တဲ့သဘာဝ ရှိတယ်။ ပြန်ကွေ့ရင်တော့ ကျနော်တို့အတွက် စိုးရိမ်ရတယ်။ သို့သော်လည်း သွားပြီးမှ ကွေ့ရင်တော့ မြစ်ဝကျွန်းပေါ်ဘက် လွတ်ကင်းနိုင်တာပေါ့။ များများ အနောက်ဘက်ထွက်ပြီး ကွေ့ရင်တော့ ရခိုင်ဘက်သွားဖို့ များတယ်။ ဒီနေရာလေးမှာ ကပ်ကွေ့ရင်တော့ လတ္တီကျူ့က နိမ့်တဲ့ဘက်ဆိုတော့ မြစ်ဝကျွန်းပေါ်ဘက်။ လောလောဆယ်တော့ မြစ်ဝကျွန်းပေါ်တော့ မဖြစ်လောက်ဘူး။ ရခိုင်နဲ့ အထက်လောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ လောလောဆယ် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာတော့ လှိုင်းနဲ့လေ အသင့်အတင့်ရှိပါတယ်။”

မြန်မာ့ပင်လယ်ပြင်အနီး အခုနှစ်အတွင်း  ပြီးခဲ့တဲ့  ဇန်န၀ါရီလနဲ့ မေလတွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့ဖူးပြီး ခု တတိယအကြိမ်မြောက် မုန်တိုင်း ဖြစ်ပွားတာပါ။

ပြီးခဲ့တဲ့နှစ် မိုးလွန်ကာလတုန်းကတော့  မုန်တိုင်း ၅ ကြိမ်လောက် ဖြစ်ခဲ့ဖူးပြီး  ယခုနှစ် မိုး လွန်ကာလမှာတော့ မုန်တိုင်း ၂ လုံး ၃ လုံးလောက် ဖြစ်နိုင်ခြေရှိတယ်လို့ မိုးလေ၀သကျွမ်း ကျင်သူတွေက  ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013