
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လက်ရှိ ၂၀၁၄ ခုနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိသလို လာမယ့် ၂၀၁၅ ခုနှစ်မှာလည်း ၈ ဒသမ ၅ ရာခိုင်နှုန်းအတိုင်း ဆက်ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။
အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပြီး ခုလို ခန့်မှန်းရတာဟာ မြန်မာနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုတွေအပြင် စီးပွားရေး အရေးယူ ပိတ်ဆို့ခဲ့တဲ့နိုင်ငံတကာနဲ့ ပြန်လည် စေ့စပ်ညှိနှိုင်းမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတခု ဖြစ်တဲ့ ကမ္ဘာ့ဘဏ်ဟာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အစီရင်ခံစာကို ၁ နှစ် ၂ ကြိမ် ထုတ်ဝေပြီး ဒေသတွင်းစီးပွားရေး ဆိုင်ရာတွေကို သုံးသပ် ဖော်ပြလေ့ ရှိပါတယ်။











