DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီက ခေါင်းပုံဖြတ် ဖိနှိပ်နေ
DVB
·
September 23, 2024
ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီက ခေါင်းပုံဖြတ် ဖိနှိပ်နေ
Donate to DVB

စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ဖိနှိပ်ပြီး အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ကျူးလွန်မှု ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့သက်ဆိုးရှည်ရေး၊ ပြည်သူအပေါ် အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံခြားငွေတွေ ဖြည့်ဆည်းဖို့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ချွေးနှဲစာတွေကို ခေါင်းပုံဖြတ်ယူနေတာ၊ ပြည်ပထွက်ခွာဖို့ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ပိတ်ပင်နေတာ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလို့ မရအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံလစာရဲ့ လစဉ် ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီက သူတို့သတ်မှတ်ထားတဲ့ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကနေ ပြင်ပပေါက်ဈေးထက် များစွာနည်းပါးတဲ့ ငွေလဲလှယ်နှုန်းနဲ့ လွှဲပို့ရမယ်လို့  ထုတ်ပြန်ထားသလို ဒါနဲ့ပတ်သက်ပြီး ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကိုလည်း ကြီးကြပ်ဆောင်ရွက်ဖို့ ဖိအားပေးထားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ ငွေလွှဲတဲ့အထောက်အထား သေချာသိမ်းပြီး မိမိကို တာဝန်ယူ စေလွှတ်ခဲ့တဲ့ အေဂျင်စီထံ မိတ္တူပို့ပေးဖို့၊ အေဂျင်စီတွေကလည်း အလုပ်သမားဝန်ကြီးဌာနဆီ လစဉ် စာရင်းမပျက်မကွက်ပို့ဖို့၊ လိုက်နာဖို့ပျက်ကွက်ရင် ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့  ကာလကန့်သတ်ပိတ်ပင်မယ်၊ အလုပ်သမားကတ် မထုတ်ပေးဘူး၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုဘူး စတာတွေအပြင် ပြင်းထန်စွာ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက် အကျပ်ကိုင်ထားပါတယ်။

စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေဟာ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် နိုင်ငံသားတိုင်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရှိတဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ NUG က ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဖိနှိပ် အကျပ်ကိုင်ရုံတင်မက မြန်မာ့ဒီမိုကရေစီရေးမှာ ပူးပေါင်းပါဝင်တဲ့ နိုင်ငံသားတွေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးနှိပ်စက်မှုကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်လာရသူတွေကိုလည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရအောင် စစ်ကောင်စီသံရုံးကနေ လုပ်ဆောင်နေပြီး ဒါတွေဟာ နိုင်ငံသားရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်ကျူးလွန်တာ ဖြစ်တယ်၊ အထောက်အထား မပြည့်စုံတဲ့ အေဂျင်စီ ၁၃၅ ခုကိုလည်း လုပ်ငန်းစဉ် ပိတ်ပင်အရေးယူထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်ပရောက် အေဂျင်စီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ပြည်တွင်းပြည်ပ နိုင်ငံသားရဲ့ အခြေခံအခွင့်အရေး ချိုးဖောက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပူးပေါင်းဆောင်ရွက်တာ၊ ညွှန်ကြားချက် လိုက်နာတာတွေ မလုပ်ဖို့  NUG အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေပေါ် ဖိအားပေး၊ အကျပ်ကိုင်တဲ့ အေဂျင်စီ၊ အဖွဲ့အစည်း၊ ပုဂ္ဂလိက အကျိုးဆောင်တွေကိုလည်း NUG အနေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံသားတွေအပေါ် အခြေခံ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်နေတာ၊ ဖိနှိပ်နေတာတွေကို တားမြစ်ပေးဖို့၊ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ NUG က တောင်းဆိုထားပါတယ်။

ကိုးကား-Ministry of Foreign Affairs - Myanmar - NUG

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013