DVB Logo
Home
နိုင်ငံတကာ
သီရိလင်္ကာသမ္မတအဖြစ် လက်ဝဲယိမ်းဝါဒီခေါင်းဆောင် ၁ ဦး ရွေးကောက်ခံရ
DVB
·
September 23, 2024
သီရိလင်္ကာသမ္မတအဖြစ် လက်ဝဲယိမ်းဝါဒီခေါင်းဆောင် ၁ ဦး ရွေးကောက်ခံရ
Donate to DVB

အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး စီးပွားရေး ပြန်လည်နာလန်ထူဖို့ ရုန်းကန်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်မယ်လို့ ကတိပေးထားတဲ့ မာခ့်စ်ဝါဒယိမ်းတဲ့ ခေါင်းဆောင်တ‌ယောက်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ပါတယ်။

အသက် ၅၅ နှစ်ရှိ အနုရာ ကုမာရ ဒစ္စန္နာယာကီဟာ သူ့ပြိုင်ဘက်တွေလို နိုင်ငံရေးမျိုးရိုး မရှိပေမဲ့ မဲစရေတဲ့အချိန်ကနေ ဒုတိယအဆင့် ရေတွက်တဲ့အထိ တောက်လျှောက် ဦးဆောင်ခဲ့ပြီး လက်ရှိသမ္မတ ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်နဲ့ အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီမာဒါဆာ တို့ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

မဲပထမအဆင့်ရေတွက်မှုမှာ ဘယ်သမ္မတလောင်းကမှ မဲ ၅၀ ရာခိုင်နှုန်း မကျော်ခဲ့ဘဲ ဒစ္စန္နာယာကီက ၄၂ ဒသမ ၃၁ ရာခိုင်နှုန်း၊ အဓိကအတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီမာဒါဆာက ၃၂ ဒသမ ၇၆ ရာခိုင်နှုန်း ရခဲ့ပါတယ်။

ဒါကြောင့် မဲဆန္ဒရှင်တွေရဲ့ ဒုတိယဦးစားပေးနဲ့ တတိယဦးစားပေး ရွေးချယ်မှုတွေကို ဆက်လက်တွက်ချက်တဲ့ အခါမှာတော့ မာ့ခ်စ်ဝါဒီခေါင်းဆောင်က မဲ ၅ သန်း ၇ သိန်းကျော်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

“ဒီနိုင်ငံကို ပြောင်းလဲပစ်နိုင်တယ်၊ တည်ငြိမ်တဲ့အစိုးရတရပ် တည်ဆောက်ပြီး ရှေ့ဆက်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော့်အတွက်တော့ ဒါက ရာထူးနေရာတခု မဟုတ်ပါဘူး။ တာဝန်ယူမှုတခုပါ” လို့ ဒစ္စန္နာယာကီက ပြောခဲ့ပါတယ်။

လက်ရှိသမ္မတ ဝစ်ကရာမန်ဆင်းဂ်ဟာ တိုင်းပြည်စီးပွားရေး ပြန်လည်နာလန်ထူဖို့ ကြိုးစားခဲ့မှုအတွက် အသိအမှတ်ပြုခံရပေမဲ့ ခြိုးခြံချွေတာရေး အစီအမံတွေ ချမှတ် အကောင်အထည် ဖော်ခဲ့ရတာကြောင့် လူကြိုက်မများခဲ့ဘဲ မဲ ၁၇ ရာခိုင်နှုန်းနဲ့ တတိယနေရာပဲ ရခဲ့ပါတယ်။ မဲပေးခွင့်ရှိသူ ၁၇ သန်းမှာ ၇၅ ရာခိုင်နှုန်း မဲလာပေးခဲ့ကြပါတယ်။ 

သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သီရိလင်္ကာမှာ ၂၀၂၂ ခုနှစ်က လူထုဆန္ဒပြပွဲကြီးတွေနဲ့ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ဆာကို ဖြုတ်ချခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

တိုင်းပြည်ဟာ နိုင်ငံခြားငွေ ဆိုးဆိုးရွားရွားပြတ်လပ်ပြီး လောင်စာဆီ၊ ဆေးဝါးနဲ့ ဟင်းချက်ဂက်စ် တင်သွင်းဖို့တောင် ပိုက်ဆံမချေနိုင်တဲ့အဆင့် ရောက်ခဲ့တာဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013