
ရေဘေးသင့်ဒေသတွေက ပြိုပျက်သွားတဲ့နေအိမ်တွေမှာ ဘုရားဝတ်ပြုနိုင်ဖို့အတွက် မာရဝီဇယ ရင်ငွေ့တော်ပေးထားတဲ့ ပုံစံတူဆင်းတုတော်အသေးစားတွေကို လှူဒါန်းသွားမယ်လို့ နပတ တိုင်းစစ်ဌာနချုပ် သတင်းအရင်းမြစ်က DVB ကို ပြောပါတယ်။
“တပ်ချုပ်က နေပြည်တော် ရေဘေးမှာ သေဆုံး ပျောက်ဆုံးစာရင်းနဲ့ နေအိမ်ပြိုပျက်စာရင်းတွေ ကောက်ခိုင်းတယ်၊ အဲ့ဒီစာရင်းအပြင် ဘုရားဆင်းတုတော် ပူဇော်ချင်တဲ့ လူစာရင်းပါ ကောက်ခိုင်းတယ်၊ မာရဝီဇယဘုရားအသေးစားလေးတွေလှူမှာ။”
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်ကိုလည်း ဒေသအတွင်း ရေနစ်မြုပ်ဘုရားဆင်းတုတော် မျှောပါသွားတဲ့ နေအိမ်တွေအတွက် စစ်တပ်မှာ လှူဒါန်းပေးမှာဖြစ်တဲ့အတွက် ပူဇော်လိုသူစာရင်းကို ကောက်ခိုင်းတယ်လို့ တပခတိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အမြဲလှူနေကျပါ၊ အရင်က တပ်ရင်းတွေကို လှူဒါန်းခိုင်းတာမျိုးလည်းရှိတယ်၊ ၂၀၂၀ အထိ အဲ့ လုပ်လိုလှူခိုင်းတာရှိတယ်။ အဲ့နောက်ပိုင်း မလှူတော့တာ ၄ နှစ်လောက်ရှိပြီ၊ အခုရေဘေးမှပြန်လှူတာ။”
စစ်ကောင်စီရဲ့ စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်ရ မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှု ဖြစ်စဥ်မှာ ပြည်သူ ၂၉၃ ယောက် သေဆုံး၊ ၈၉ ဦးပျောက်ဆုံးနေကာ မြို့နယ် ၅၆ မြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၄၂၅ ခုဖွင့်ပြီး အိမ်ထောင်စု ၄၇၀၁၉ စုမှ လူဦးရေ ၁၆၁၅၉၂ ဦးတို့ကို ကူညီပေးထားရတယ်လို့ သိရပါတယ်။










