
လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၀ ရပ်ကွက်မှာ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးနဲ့ရပ်ကွက်အုပ် ချုပ်ရေးမှူးပေါင်းကာ စစ်မှုထမ်းဥပဒေအရ တအိမ်ထောင်ကို လစဥ် ၃ သောင်းကျပ် ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းဖို့ လူတွေစခေါ်ချိန်မှစပြီး မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးမင်းထွန်း နဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးတက်စံတို့က စစ်မှုထမ်းဥပဒေအရဆိုကာ တအိမ်ထောင် ၃ သောင်း ကောက်ခံ လာတာ ၅ လရှိပြီလို့ စစ်ကိုင်းလမ်းနေသူတယောက်က ပြောပါတယ်။
“စစ်မှုထမ်းပါသွားတဲ့အိမ်တွေ ကောက်မကောက်တော့မသိဘူး၊ မပါတဲ့အိမ်တွေ အကုန်ကောက်တာ။ တခုခုဆို ဗိုလ်မှူးဖြိုးမင်းထွန်းက သူတို့ဘက်က ရပ်တည်ပေးနေတော့ ဘယ်သူမှမပြောရဲဘူး။ ဧပြီလကတည်းက ကောက်တာ အခုဆို ၅ လရှိပြီ” လို့ ပြောပါတယ်။
မြို့နယ်ထွေအုပ်ရုံးကလည်း စစ်မှုထမ်းဥပဒေကို ရှင်းပြခြင်းမရှိတဲ့အတွက် လစဥ်မပေးနိုင်တဲ့သူတွေကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ခြိမ်းခြောက်ပြီး ရပ်မိရပ်ဖအချိုက တိုင်ကြားခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးတာမရှိဘူးလို့ အနော်ရထာလမ်းနေသူတယောက်က ပြောပါတယ်။
“တလကို ပုံမှန်သုံးသောင်းကောက်နေတော့ မခံနိုင်တဲ့ ရပ်မိရပ်ဖအချို့က တိုင်တယ်၊ ဗိုလ်မှူးဖြိုး မင်းထွန်းနဲ့အုပ်ကြီးက ဗျူဟာမှုးနဲ့ပေါင်းထားတော့ တိုင်စာက အပေါ်ကိုမရောက်ဘူး။”
စစ်မှုထမ်းဥပဒေအရဆိုကာ လစဥ်ပုံမှန်ကောက်ခံရရှိတဲ့ငွေမှာ သိန်း ၆၀၀ နီးပါးရှိပြီး အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှုးကြီးစိုးထွန်း နဲ့ ဗိုလ်မှူး ဖြိုးမင်းထွန်း၊ အုပ်ချုပ်ရေးမှုးဦးတက်စံတို့အဖွဲ့က ခွဲ ဝေယူကြတာလို့ စစ်တပ်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်းမဖြစ်မနေ စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကိုစပြီးခေါ်ခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၅ ထိ ရှိပြီဖြစ်ပါတယ်။











