DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချမှတ်ခံထားရသူများကို ချက်ချင်းပြန်လွှတ်ရန် အာဆီယံအမတ်များတောင်းဆို
DVB
·
September 21, 2024
သေဒဏ်ချမှတ်ခံထားရသူများကို ချက်ချင်းပြန်လွှတ်ရန် အာဆီယံအမတ်များတောင်းဆို
Donate to DVB

ဖမ်းဆီးသေဒဏ်ချမှတ်ခံထားရသူတွေကို ကြိုးပေးကွပ်မျက်တာမလုပ်ဖို့နဲ့ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က စက်တင်ဘာ ၂၀ ရက်မှာ  ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဇေယျာဖြိုး၊ ကိုဆန်းမင်းအောင်၊ ကိုကျော်ဝင်းစိုး၊ ကိုကောင်းပြည့်စုံဦးနဲ့ မမြတ်ဖြိုးပွင့်တို့ကို စက်တင်ဘာ ၂၄ ရက်မှာ ကြိုးပေးကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တခုဆီက အစီရင်ခံစာကို လက်ခံရရှိခဲ့ပြီး အလွန်အမင်း ပူပန်နေရတယ်လို့  APHR ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ အခုလို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး  DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေ၊ ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီပြောခွင့်ရသူအပါအဝင် ဘယ်သူကမှလည်း အတည်ပြုထားတာ မရှိသေးပါဘူး။ 

သူတို့ကို ၂၀၂၁ ခုနှစ်က ရန်ကုန် မီးရထားပေါ်က ပစ်ခတ်မှုမှာပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်မှာ အင်းစိန်ထောင်တရားရုံးက လူသတ်မှု၊ တရားမဝင်လက်နက် ကိုင်ဆောင်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့ အပါအဝင် ပုဒ်မ အများအပြားနဲ့ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ စိတ်ထင်သလို လုပ်တာမျိုးကိုရှောင်ပြီး သူတို့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ APHR အရေးတကြီးတောင်းဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

APHR ရဲ့ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် မာစီခရစ္စတီဘာရန်စ်က “သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီကို ကျမတို့ တောင်းဆိုပါတယ်။ နိုင်ငံတကာစံနှုန်းတွေနဲ့ ချုပ်နှောင်ဖို့၊ ဥပဒေဆိုင်ရာ ခုခံပိုင်ခွင့်ရဖို့၊ ဆေးကုသခွင့်၊ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်တွေရဖို့လည်း‌ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

APHR ရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သူ မလေးရှားပါလီမန်အမတ် ဝေါင်ချန်းကလည်း သဘောထား ကွဲလွဲတာတွေကိုနှိမ်နှင်းဖို့ လက်နက်တခုအနေနဲ့ ပြစ်ဒဏ်ကြီးတွေချတာက လက်မခံနိုင်စရာ ဖြစ်ပြီး အပြင်းထန်ဆုံး ရှုတ်ချရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒီလုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို ကျူးလွန်ချိုးဖောက်တာနဲ့ နိုင်ငံတကာဥပဒေစံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်တာဖြစ်တယ်လို့လည်း APHR က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အကျဉ်းသား ၁၀၀ ကျော်ဟာ ကြိုးတိုက်မှာရှိနေပြီး ၄၂ ယောက်ကိုတော့ မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

APHR ဘုတ်အဖွဲ့ဝင်နဲ့ ဖိလစ်ပိုင်လွှတ်တော်အမတ် အာလိန်းဘရိုဆက်က “ဒီကွပ်မျက်မှုတွေဟာ သိသာထင်ရှားတဲ့ဆုတ်ယုတ်မှုနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက ဆန္ဒမရှိတာကို ပြသနေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ တိုင်းပြည်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ပြန်သွားဖို့လည်း APHR က တောင်းဆိုပါတယ်။

APHR အနေနဲ့ မတရားဖမ်းဆီးခံထားရသူတွေရဲ့ အခွင့်အရေးတွေရရှိဖို့ ကြိုးစားနေပြီး အခြေအနေတွေကိုလည်း အနီးကပ်စောင့်ကြည့်နေသလို ဒီမိုကရေစီအရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးတို့အတွက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြဖို့လည်း  နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုထားပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းကလည်း သေဒဏ်ချမှတ်ခံထားရတဲ့  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013