DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်း လူသတ်မှု ထိုင်းရဲတပ်ဖွဲ့ အချောသတ် ပြင်ဆင်
DVB
·
October 6, 2014
လိပ်ကျွန်း လူသတ်မှု ထိုင်းရဲတပ်ဖွဲ့  အချောသတ် ပြင်ဆင်
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ဖငန်းမြို့နယ် ဒေသအခေါ် ကော့တောင်(လိပ်ကျွန်း)က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က အမှုတွဲကို အချောသပ်ပြင် ဆင်နေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာ ပတ်သက်ပြီး ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေနဲ့ လူမှုအသိုင်းအ၀ိုင်းတွေကပါ စောင့်ကြည့်နေကြတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာလည်း လူသတ်တရားခံ မဖြစ်နိုင်ဘူးလို့ သံသယရှိနေတဲ့အတွက် အမှုတွဲကို အားလုံး သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြီး အချောသတ်နေတယ်လို့ အမှတ် ၈ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ပရ၀င်း ဖုန်းဆီရင်းက သတင်းထောက်တွေကို ပြောပါတယ်။

Koa ToaThaiဒီအမှုတွဲကို ဒီနေ့ မနက်ပိုင်းမှာ သုံးသပ်ပြီးတာနဲ့ ညနေပိုင်း ဒါမှမဟုတ် မနက်ဖြန် မနက်မှာ ကော့စမွီခရိုင်အစိုးရရှေ့နေလက်ထဲအပ်ပြီး ခရိုင်တရားရုံးမှာ တရားစွဲမယ်လို့ ဒုရဲချုပ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ ဒီအမှုတွဲတခုလုံး ပြန်လည်စစ်ဆေးခွင့် ရဖို့ တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

ဒါအပြင် လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသူ မြန်မာလူငယ် ၃ ဦးနဲ့လည်း ဒီကနေ့မှာ သူတို့ကို ထိန်းသိမ်းထားတဲ့ ကော့ဆမွီခရိုင် တရားရုံးအချုပ်ခန်းမှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ ဦးကျော်သောင်းက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ မိမိနိုင်ငံသား လူငယ်တွေအတွက် တရားမျှတမှု ရရှိစေဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ချုပ်၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ရှေ့နေတွေ ပူးပေါင်းပြီး လိုက်လံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် အောက်တိုဘာ ၅ ရက် မနေ့က ထိုင်းမြန်မာသံရုံး၊ ရှေ့နေများအဖွဲ့နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့က ကိုယ်စားလှယ်တွေဟာ အခင်းဖြစ်ပွားရာ ကော့တောင်ကျွန်း ကို သွားရောက်ပြီး အဲဒီက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အလုပ်သမားအားလုံးနီးပါးက တရားခံအစစ်ဟာ အဖမ်းခံထားရတဲ့လူငယ်တွေ မဟုတ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ ထိုင်းလူမျိုးအသိုင်းအ၀ိုင်းတွေဟာလည်း ထိုင်းရဲတပ်ဖွဲ့ကို မေးခွန်းထုတ်နေကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာမှာ မေးမြန်းချက်တွေမှာတော့ “သေဆုံးသူရဲ့ တယ်လီဖုန်းကို တရားခံမြန်မာအလုပ်သမားက ခိုးယူပြီး အိမ်နောက်ဖေးမှာ ပစ်ထားတယ်လို့ ရဲတွေက ပြောခဲ့ပေမယ့် သေဆုံးသူရဲ့ သူငယ်ချင်းက ဖုန်းကို ရဲလက်ထဲ အပ်ထားပြီးကြောင်း ဓာတ်ပုံတွေ့ရတဲ့အပေါ် မေးမြန်းထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ တရားခံက ခိုးသွားတဲ့ဖုန်းဟာ သေဆုံးသူ အမျိုးသမီးဖြစ်တဲ့ ဟန်နာရဲ့ ဖုန်း မဟုတ်ဘဲ ဒေးဗစ်ဆိုတဲ့ သေဆုံးသူအမျိုးသားရဲ့ ဖုန်းလို့ ပြန်ဖြေဆိုပါတယ်။

စီစီကင်မရာမှာ တွေ့ရတဲ့ လူငယ်ရဲ့ ဆံပင်ပုံစံက ဖြောင့်ပြီး မြန်မာအလုပ်သမားရဲ့ ဆံပင်က တွန့်နေတဲ့မေးခွန်းမှာလည်း ရဲတပ်ဖွဲ့က တဦးတည်းဖြစ်ကြောင့် ဆံပင်ပုံစံဟာ နေ့စဉ် ဖြီးသင်တဲ့ပေါ် မူတည်ပြောင်းလဲတတ်ကြောင်း ဖြေကြားပါတယ်။

ဗြိတိန်လူငယ် ၂ ဦးဟာ ပေါက်တူးပေါက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပေမယ့် ဓာတ်ပုံတွေမှာ ဓားလို ချွန်ထက်တဲ့ ဒဏ်ရာတွေနဲ့ တွေ့ရကြောင်း မေးခွန်းပေါ်မှာတော့ ဒဏ်ရာက ပေါက်တူးရဲ့ အစွန်းပိုင်းခုတ်ခံရတာ ဖြစ်ကြောင်း၊ အမျိုးသမီးအလောင်းကတော့ မြင်မကောင်းအောင်ကွဲနေလို့ ထုတ်ဖော်ပြသခြင်းမရှိကြောင်း၊ ဒါပေမယ့် သူတို့ဆီမှာ ဓာတ်ပုံအထောက်အထား သိမ်းထားကြောင်း ပြန်ဖြေပါတယ်။

အလုပ်သမားတွေကို ပထမအကြိမ် ဒီအန်အေစစ်ဆေးစဉ်က သေဆုံးသူနဲ့ တူသူ မရှိကြောင်း ပြောပြီး ဒုတိယအကြိမ် ပြန်ဖမ်းပြီးမှ တူညီကြောင်းပြောဆိုတဲ့ မေးခွန်းမှာတော့ ကော့တောင်ကျွန်းမှာ မှတ်ပုံတင်းထားတဲ့ အလုပ်သမား ၄ ထောင်ကျော်ရှိပြီး မှတ်ပုံမတင်ရသေးသူ ၃ ထောင်ကျော် ရှိကြောင်း၊ သူတို့မှာ အထောက်အထား မရှိတဲ့အတွက် တခါတည်းအပြီး မစစ်နိုင်ဘူးလို့ ပြန်ဖြေကြားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီအမှုနဲ့ ပတ်သက်တဲ့ သံသယမေးခွန်းပေါင်း ၃၀ လောက် မေးမြန်းထားပေမယ့်လည်း အနည်းငယ်သာ ပြန်ဖြေကြားထားတာ တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေးတွေ ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ အဲန်ဒီဟောလ်ကတော့ ထိုင်းရဲတွေအနေနဲ့ သူတို့ တွေ့ရှိချက်နဲ့ စုံစမ်းချက်တွေကို အရှိတိုင်း အမှန်တိုင်း ထုတ်ပြန်ခြင်းအားဖြင့် ရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာ ပိုမိုကောင်းမွန်စေကြောင်း၊ အလုပ်သမားတွေ ဘက်ကလည်း ထိုင်းရဲတွေကို အပြစ်တင်နေတာထက် အမှန်တရားပေါ်ပေါက်ရေး ၀ိုင်းဝန်း ကြိုးစားသင့်ကြောင်း ခုလိုပြောပါတယ်။

“ထိုင်းရဲနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ နဂိုကတည်းက အမြင်မကြည်မှုတွေ ရှိနေတာမှာ သူတို့ကို ၀ိုင်းပြီး ပြစ်တင်ရှုတ်ချမယ်ဆိုရင် အလုပ်သမားတွေပေါ် ပိုပြီး ဖိအားပေးတာ၊ အနိုင်ကျင့်တာတွေ ခံရမှာစိုးလို့ ဖြစ်ရပ်မှန်၊ အမှန်တရားပေါ်ပေါက်ရေး ၀ိုင်းဝန်ကြိုးစားရင် ဆက်ဆံရေး ပိုကောင်မယ်လို့ ကျနော်ပြောချင်ပါတယ်။ ဘာကြောင့်လဲဆို အလုပ်သမားတွေက သူတို့နိုင်ငံမှာ လာနေနေရတာလေ။”

ကော့တောင်ကျွန်းက မှတ်ပုံတင်မရှိသေးသူ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃ ထောင်ကျော်အတွက် လာမည့် အောက်တိုဘာ ၁၃ ရက်ကနေ ၂၇ ရက်နေ့တွေအတွင်း အလုပ်သမားရုံး တာဝန်ရှိသူတွေ ကွင်းဆင်းပြီး မှတ်ပုံတင်ပေးမယ်လို့လည်း ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013