DVB Logo
Home
မြန်မာသတင်း
Bottom-up ဖက်ဒရယ်စနစ် ဆောင်ရွက်မည်ဟု တိုင်းရင်းသား တော်လှန်ရေး ၉ ဖွဲ့  ကြေညာ
DVB
·
September 20, 2024
Bottom-up ဖက်ဒရယ်စနစ် ဆောင်ရွက်မည်ဟု တိုင်းရင်းသား တော်လှန်ရေး ၉ ဖွဲ့  ကြေညာ
Donate to DVB

ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ပုံစံ ဖက်ဒရယ်စနစ်အတွက် တော်လှန်ရေးကာလ/ကြားကာလကစတင်ပြီး ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီတွေ၊ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေ အတူတကွ တည်ဆောက်သွားကြမယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ပူးပေါင်းပြီး စက်တင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ နှစ်ပေါင်း ၇၀ ကျော်ကြာ ကျင့်သုံးလာတဲ့  တပြည်ထောင်စနစ်၊ ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျော်လွှားဖို့အတွက် ဆောင်ရွက်နေတာလို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က DVB ကို ပြောပါတယ်။ 

“ဆိုလိုတာကတော့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ ပြည်ထောင်စုစနစ် နှစ်မျိုး သုံးမျိုးရှိတာပေါ့နော်၊  ဗဟိုအားကောင်းရေး  ဖက်ဒရယ်ပြည်ထောင်စုအားကောင်းရေးကို ယူပြီး‌တော့မှ  အာဏာတွေကို ပြည်နယ်ကို ခွဲဝေပေးတဲ့စနစ်၊ ဗဟိုအခြေပြုဖက်ဒရယ် စနစ်ရယ်၊ နောက်တခုကတော့ ပြည်နယ်တွေကနေပြီးတော့မှ စုပေါင်းဖွဲ့ပြီးမှ ပြည်ထောင်စုကို သွားတဲ့စနစ်ပေါ့။ နောက်တခုက ဒီနှစ်ခုကို ပေါင်းစပ်တဲ့စနစ်ပေါ့။ ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးကို သုံးသပ်လိုက်တဲ့အခါမှာ အမြဲတမ်းပဲ တပြည်ထောင်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျနော်တို့က နှစ်ပေါင်း ၇၀ ကျော် ခံလာခဲ့ရတယ်။ ဒီနေ့ ဒီအချိန်မှာတော့  ကျနော်တို့ ဒီစနစ်ကို ကျော်လွှားဖို့လိုတယ်၊ အဲဒါကြောင့် ကျနော်တို့က ဖက်ဒရယ်လို့ ပြောရင်တောင်မှ Bottom-up ဖက်ဒရယ်စနစ်နဲ့ သွားဖို့လိုတယ်ဆိုတာကို ကျနော်တို့ အတိအလင်း ထုတ်ပြန်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုလိုရှိရင် အဓိပ္ပာယ်ကတော့ ပြည်နယ်တွေ ပြည်ထောင်တွေ မရှိဘဲနဲ့ ပြည်ထောင်စုဆိုတာလည်း မရှိနိုင်ဘူး။ အဲဒါကြောင့် ပြည်နယ်တွေ အားကောင်းရေး ကနေပြီးတော့မှ စသွားမယ်ဆိုပြီးတော့မှ ကျနော်တို့ ခုလို ကြေညာတာဖြစ်ပါတယ်။”

တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့အပြင် အခြားတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေပါ စုံစုံလင်လင် ပါဝင်လာအောင် ဆက်လုပ်သွားမယ်၊ လုပ်ငန်းစဉ်ထဲမှာ ပါဝင်တယ်၊ လက်ရှိ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)  က ရည်မှန်းထားတဲ့ ဖက်ဒရယ် ပဋိညာဉ်နဲ့ ကိုက်ညီမှု ရှိမရှိကိုလည်း ဆက်လက်ဆွေးနွေးနေဆဲပဲလို့  ပြောသွားပါတယ်။ 

Bottom-up Federalism ကို အချုပ်အခြာအာဏာရဲ့မူလပိုင်ရှင်တွေဟာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ အဲဒီယူနစ်ထဲက ပြည်သူလူထုတွေဖြစ်တယ်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတယ်၊ အချုပ်အခြာအာဏာ၊ သွေးစည်းညီညွတ်မှု၊ လူထုနဲ့ အနီးကပ်ဆုံး အာဏာ နဲ့ အချိုးကျမှု စတဲ့အခြေခံမူတွေအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

အတူတူလက်တွဲအကောင်အထည်ဖော်သွားမယ့်အဖွဲ့ ၉ ဖွဲ့ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ  (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (MNSP-AD)၊ မွန်ပြည်ဖက်ဒရယ်‌ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

အဆိုပါအဖွဲ့ ၉ ဖွဲ့ဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး  ရှေ့ဆက်လုပ်ငန်းစဉ်တွေချမှတ်ကာ ခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013