
ဥရောပသမဂ္ဂ (EU) ဟာ ရုရှားအပေါ် ပိတ်ဆို့မှုတွေကို ပိုတင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းဖို့ ကြိုးစားမှာဖြစ်ပြီး ရုရှားနိုင်ငံအပေါ် ဖိအားတွေ ပိုတိုးမြှင့်ရင်း ယူကရိန်းအပေါ် ထောက်ခံမှု တိုးမြှင့်သွားမယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကားလက်စ်က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
အိုင်ယာလန်နိုင်ငံမှာ ကျင်းပနေတဲ့ EU နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး အပြီးမှာ ခုလို ပြောလိုက်တာပါ။
ရုရှားတိုက်ခိုက်ရေးသမားအဟောင်းတွေအတွက် EU ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုနဲ့ ရုရှားခရီးသည်တွေအတွက် ပိုတင်းကျပ်တဲ့ ဗီဇာကန့်သတ်ချက်တွေ ချမှတ်ဖို့ ဝန်ကြီးတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြတယ်လို့ ကားလက်စ်က ပြောပါတယ်။
ယူကရိန်းကို ရန်ပုံငွေထောက်ပံ့ဖို့ သိမ်းဆည်းထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို သုံးဖို့ အကြံအစည်ကို ဝန်ကြီးအများအပြားက ထပ်တင်ပြခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ ဆက်ပြီး ဆွေးနွေးသွားမယ်လို့လည်း ကားလက်စ်က ပြောပါတယ်။
ရုရှားရဲ့ လက်ရှိတိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိစေဖို့ ယူကရိန်းကို ပိုထောက်ပံ့မယ်လို့ EU အဖွဲ့ဝင် နိုင်ငံတွေကလည်း ကတိပြုခဲ့တယ်လို့ ဥရောပသမဂ္ဂ ထိပ်တန်းသံတမန် ကားလက်စ်က ပြောပါတယ်။
Source: Reuters











