
စီးရီးအေကလပ် ရိုးမားအသင်းဟာ အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ဒန်နီရယ်လီဒီရော့ဆီကို ထုတ်ပယ်ခဲ့ပြီးနောက် ခရိုအေးရှားနိုင်ငံသား အီဗန်ယိုရစ်နဲ့ အစားထိုးပါတယ်။
ရိုးမားအသင်းဟာ ဒီနှစ်ရာသီအစ ပွဲစဉ် ၄ ပွဲစလုံးမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် အခုလိုမျိုး နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။
အသစ်ခန့်အပ်လိုက်တဲ့ အသက် ၄၉ နှစ်အရွယ် ယိုရစ်ဟာ ရိုးမားအသင်းနဲ့ ၂၀၂၅ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ရင်တော့ စာချုပ်သက်တမ်း တိုးနိုင်ဖွယ်ရှိပါတယ်။
၂၀၁၁ ခုနှစ်အတွင်း နည်းပြဘ၀စတင်ခဲ့တဲ့ ယိုရစ်က အင်တာမီလန်နဲ့ ပါလာမိုအသင်းတို့မှာ ဂတ်စ်ပါရီနီရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သလို ဂျီနိုအာနဲ့ ဗီရိုနာအသင်းတို့ကိုလည်း နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပါတယ်။
စီးရီးအေ ပြိုင်ဘက် တိုရီနို-အသင်းကိုပါ ၃ နှစ်ကြာကိုင်တွယ်ခဲ့တဲ့ ယိုရစ်က ပြီးခဲ့တဲ့ ရာသီ အကုန်မှာတော့ ရာထူးနုတ်ထွက်ခဲ့ပါတယ်။
ဆယ်စုနှစ် ၂ ခုနီးပါး ရိုးမားကစားသမားအဖြစ် ဖြတ်သန်းခဲ့တဲ့ ဒီရော့ဆီကတော့ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုရဲ့ နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒီရော့ဆီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရိုးမားအသင်းကို ပြည်တွင်းလိဂ်မှာ အဆင့် ၆ နေရာနဲ့ ယူရိုပါ လိဂ်ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အဆင့် အထိရောက်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရှေ့တန်းကစားသမားတွေဖြစ်ကြတဲ့ ဂီရိုနာအသင်းက အာတမ်ဒိုဘစ်ခ်နဲ့ ဂျူဗင်တပ်စ် အသင်းက မားတီးယက်စ်ဆိုလေတို့ကို ခေါ်ယူခဲ့ပေမဲ့ အခုနှစ်ရာသီမှာ ရိုးမားအသင်းဟာ ၁ ပွဲ ရှုံး၊ ၃ပွဲသရေ ရလဒ်နဲ့အတူ အဆင့် ၁၆ နေရာမှာသာ ရပ်တည်နေပါတယ်။
Photo-Reuters










