DVB Logo
Home
မြန်မာသတင်း
ထိုင်းကုန်ပစ္စည်းများကို စစ်တပ်ဂိတ်က ဖမ်းဆီးပြီး အဆမတန် ငွေညှစ်နေသဖြင့် ယာဉ်လိုင်းများ အခက်ကြုံ
DVB
·
September 18, 2024
ထိုင်းကုန်ပစ္စည်းများကို စစ်တပ်ဂိတ်က ဖမ်းဆီးပြီး အဆမတန် ငွေညှစ်နေသဖြင့် ယာဉ်လိုင်းများ အခက်ကြုံ
Donate to DVB

ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ လူသုံးကုန်နဲ့ စားကုန်တွေကို စစ်ကောင်စီဂိတ်တွေကနေ ဖမ်းဆီးပြီး အဆမတန် ငွေကြေးတောင်းခံနေတာကြောင့် အဝေးပြေးယာဥ်လိုင်းပြေးဆွဲသူတွေ အခက်အခဲ ကြုံနေရပါတယ်။

ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်လမ်းကြောင်းကတဆင့် တင်သွင်းလာတဲ့ လူသုံးကုန်၊ စားကုန်တွေက ဂိတ်အသီးသီးကို ဖြတ်သန်းပြီးနောက် ဘားအံစုပေါင်းဂိတ်နဲ့ ရန်ကုန်အဝင် Zero မိုင် အရောက်မှာ ဖမ်းဆီးပြီး အဆမတန် ငွေကြေးတောင်းခံတာတွေ ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ ဂိတ်ချပြီး ကုန်တင်ကားတွေကို အခကြေးငွေ တောင်းခံနေတာဖြစ်ပြီး လတ်တလောမှာတော့ တောင်းခံတဲ့ ငွေကြေးပမာဏတွေ အဆမတန် များလာတယ်လို့ ရန်ကုန်-မြဝတီလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ ယာဥ်မောင်းတယောက်က ပြောပါတယ်။

“အရင်တုန်းက ကျပ် ၁၄ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ လောက်နဲ့ ပြတ်တာတွေက အခုက သိန်း ၂၀၀ ကျော်၊ ၃၀၀ လောက် တောင်းနေတာ။ ဆီပါတယ်ဆိုရင် ငြိလိုက်ရင် သွားပြီ။ တချို့ဆိုရင် ကားတန်ဖိုး သိန်း ၈၀၀ ရှိရင် ၄၀၀ လောက် ဖမ်းတောင်းတာ။ တင်လာတဲ့ပစ္စည်းနဲ့ ကားတန်ဖိုးနဲ့ သူတွက်ပြီးတော့ တောင်းတာ။”

လူသုံးကုန်စည်တွေထဲမှာမှ ပြည်တွင်းလိုအပ်ချက်မြင့်မားတဲ့ ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင် ဆီပုံးတွေကို တင်ဆောင်ခွင့်မပေးတဲ့အတွက် ခက်ခက်ခဲခဲ တင်ဆောင်ရတယ်လို့ ယာဥ်မောင်းက ဆိုပါတယ်။

“ကန့်သတ်ကုန်တွေမှာ ဆီက အဆိုးဆုံးပဲ။ တင်တာက သူတို့က တင်လို့ရတယ်၊ တင်လို့ရတယ်ဆိုတာ အများကြီးမပါဘူး။ ပစ္စည်း ၄၊ ၅၊ ၁၀ မယ်လောက် အဲ့လို ဖွက်ဖွက်ပြီး တင်နေရတယ်။ ဂျက်ဖာတွေ စားသောက်ကုန်တွေ ပဲနို့တို့ ဘာတို့နဲ့ ညှပ်ညှပ်ပြီး တင်နေရတယ်။ အဲဒါတောင်မှ မြဝတီကို တိုက်ရိုက်တင်လို့မရဘူး။ မြဝတီကနေ ဘားအံကိုတဆင့်တင်၊ ဘားအံကနေ ကားကြီးနဲ့ ပြန်တင်ရတယ်။”

လတ်တလော ရန်ကုန်ကနေ ဘားအံပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေမှာ စက်သုံးဆီ အချိန်မီ မရရှိတာ၊ ဈေးတွေမြင့်တက်လာကြောင့် ယာဥ်ပြေးဆွဲစရိတ်ကာမိအောင် လူသုံးကုန်၊ စားကုန်တွေနဲ့ ပူးတွဲသယ်ဆောင်လာရပေမဲ့ ဖမ်းဆီးပြီး ငွေတောင်းခံတာတွေက အဆမတန် များပြားလာတဲ့အတွက် ယာဉ်လိုင်းတွေ ရပ်ထားရမယ့်အခြေအနေ  ရောက်လာပြီလို့ အဝေးပြေးယာဥ်မောင်းတယောက်က ပြောပါတယ်။

“မပြေဘူး။ တယောက်မှ မပြေဘူး။ အခု ယာဉ်လိုင်းတွေအကုန်လုံးက မပြေဘူး။ ဘာဖြစ်လို့လဲဆို သူတို့က ဒီဆီကို ပွင့်ပွင့်လင်းလင်းပြောရရင် ရှေ့လျှောက် အကုန်လုံးက ရပ်ဖို့များပါတယ်။”

သွင်းကုန်ကို အမှီပြုနေရတဲ့ မြန်မာနိုင်ငံအတွက် လတ်တလော လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ အဖမ်းအဆီးတွေနဲ့ ဂိတ်အသီးသီးကနေ ငွေကြေးတောင်းခံမှုတွေ များလာတဲ့အတွက် ဒေါ်လာငွေဈေး ကျဆင်းပေမဲ့ စရိတ်စကတွေကြောင့် ကုန်ဈေးနှုန်းတွေ ကျဆင်းမလာဘဲ  ပြည်သူတွေမှာ ပိုပြီးကျပ်တည်းလာရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013