DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၅,၀၀၀ ကျော် အသက်ဆုံးရှုံး
DVB
·
September 18, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၅,၀၀၀ ကျော် အသက်ဆုံးရှုံး
Donate to DVB

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ ၅,၃၅၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး လူပေါင်း ၃ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲတွင်းထဲကို ကျရောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန် ပါတယ်။

ဒါ့အပြင် လူပေါင်း ၂၇,၄၀၀ နီးပါး ဖမ်းဆီးခံထားရပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံအရေအတွက်ဟာ မြင့်တက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးရ အခြေအနေနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတဝန်း တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေမှုနဲ့ မြန်မာ့အကျပ်အတည်း ပိုမိုနက်နည်းလာမှုတို့ကို မီးမောင်းထိုးပြထားပြီး  ပြင်းထန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေမှုကို အသေးစိတ်ဖော်ပြထားပါတယ်။

နောက်ပြီး မြန်မာပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အကြမ်းဖက်လုပ်ရပ်တွေရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေကိုလည်း အစီရင်ခံထဲမှာ ဖော်ပြထားပြီး စီးပွားရေးနဲ့ လူမှုအခွင့်အရေးတွေ ဆုတ်ယုတ်လာမှုဟာ နိုင်ငံရဲ့ စီးပွားရေးကို ပိုမိုကျဆင်းစေဖို့ ဦးတည် နေတယ်လို့ OHCHR ပြောခွင့်ရပုဂ္ဂိုလ် လစ်ဇ်သရိုဆယ်က ဂျနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရဲ့ အနာဂတ်အတွက် အဓိက အားကိုးအားထားပြုသွားရမယ့် လူငယ်တွေ ဟာ စစ်မှုထမ်းဥပဒေ ရန်ကနေ လွတ်မြောက်ဖို့အတွက် ပြည်ပနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့လည်း သရိုဆယ်က ပြောပါတယ်။

OHCHR က ရရှိထားတဲ့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ် ၈၈ ယောက်နဲ့ အမျိုးသမီး ၁၂၅ ယောက်အပါအဝင် လူပေါင်း ၁,၈၅၃ ယောက် ထက်မနည်းဟာ အချုပ်အနှောင်ခံထားရချိန်မှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီထဲက အများစုဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရမှုနဲ့ နာမကျန်းဖြစ်ချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ငြင်းပယ်ခံရမှုတွေကြောင့် သေဆုံးခဲ့ရတလို့ ဆိုပါတယ်။

အကျဉ်းထောင်တွေမှာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ နာမကျန်းဖြစ်ချိန် ဆေးကုသခွင့် ရရှိရေးကိစ္စတွေမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေတဲ့ အကြောင်းနဲ့ ညှဉ်းပန်းနှိပ်စက်ရာမှာ အကြောက်တရားကို ရိုက်သွင်းနိုင်ဖို့အတွက် မြွေတွေနဲ့ တခြား အင်းဆက်ပိုးကောင်တွေ အသုံးပြုတာအပြင် လူမဆန်တဲ့ နည်းမျိုးစုံကို အသုံးပြုနေတဲ့အကြောင်းလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အခုလို လူ့အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေမှုနဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို အပြင်းအထန် ချိုးဖောက် နေမှုတွေအတွက် သက်ဆိုင်သူအားလုံးအနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေကို တာဝန်ခံသွားကြဖို့ OHCHR က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့ကာတော့ခ်ကလည်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေအားလုံးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက် မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013