DVB Logo
Home
မြန်မာသတင်း
ဆိုင်းတောင်တိုက်ပွဲ အရပ်သား ၃၀ ကျော်သေဆုံး၊ ဟိုတယ်တွင် ဖမ်းခံရသူများ ပြန်လွတ်လာ
DVB
·
September 18, 2024
ဆိုင်းတောင်တိုက်ပွဲ အရပ်သား ၃၀ ကျော်သေဆုံး၊ ဟိုတယ်တွင် ဖမ်းခံရသူများ ပြန်လွတ်လာ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊  ဆိုင်းတောင်ရွာ တိုက်ပွဲ ၁၂ ရက်တာအတွင်း အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရပြီး ဒေသခံထောင်နဲ့ချီစစ်ရှောင်နေရပါတယ်။

ဆိုင်းတောင်ရွာရှိ Lucky Men ဟိုတယ်ထဲ ဖမ်းဆီးခံထားရသူတချို့ ပြန်လွတ်လာခဲ့ပေမဲ့ စစ်ကောင်စီတပ်က တပ်စွဲထားတုန်းဖြစ်ပြီး စစ်ရေးတင်းမာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖားကန့်ထဲက ဆိုင်းတောင်ရွာမှာ စက်တင်ဘာ ၇ ရက်ကစပြီး စက်တင်ဘာ ၁၈ ရက်အထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆိုင်းတောင်ထဲက Lucky Men Hotel နဲ့ KTV ဆိုင် မှာ တပ်စွဲထားတဲ့စစ်တပ်က ၁၀ ရက် ကျော်ကြာပြီးနောက်မှာတော့ ဟိုတယ်ထဲမှာ သူတို့ဖမ်းဆီးထားသူတွေထဲက ဝန်ထမ်းတချို့ကို အခုရက်ပိုင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။

“အကုန်တော့ မလွတ်သေးဘူး၊ တချို့ ကျန်သေးတယ်။ အခုလွှတ်တဲ့ထဲ ဝန်ထမ်းတွေပေါ့။ ဟိုတယ်ဝန်ထမ်းတွေပေါ့။ လွှတ်ပေးလိုက်‌တော့ ကျနော်တို့ ကျည်ကွယ် မျက်ကွယ်ကနေ အဖွဲ့အစည်းတွေနဲ့ သွားကြိုပြီးတော့ ခေါ်ထုတ်ခဲ့ရတယ်ဗျ။”

လုံခြုံရေးနဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် လွတ်မြောက်လာသူ၊ ဖမ်းဆီးခံထားရသူ အရေအတွက်နဲ့ အခြေအနေအသေးစိတ်ကို DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကတော့ သူတို့ သတင်းပြန်ကြားရေးဌာန အနေနဲ့လည်း ဆိုင်းတောင်အခြေအနေကို တိတိကျကျမသိရသေးဘူးလို့ ပြောပါတယ်။

KIO/KIA သတင်းပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက “အဲဒါကတော့ တိတိကျကျမသိဘူး။ တချို့တွေကတော့ လွတ်ပြီလို့ပြောတယ်။ တချို့က ကျန်နေတယ်လို့ပြောတယ်။ တိတိကျကျ သိတဲ့သူကို‌တော့ ကျနော်လည်း အခုထက်ထိ မတွေ့ရသေးပါဘူး။ ရှေ့တန်းသမားတွေ ပို့လာတဲ့ သတင်းကတော့ အခုထိကတော့ သိပ်ပြီးမှ ထူးခြားမှု မရှိဘူးလို့ပြောတယ်။ အဲဒီ  Lucky Men Hotel က စစ်ကြောင်းတွေက‌တော့ ရှိပါသေးတယ်တဲ့။ အားလုံးကတော့ မထွက်ဘူးလို့ ပြောတယ်။ အဲဒါကြောင့် အခြေအနေကတော့ တင်းမာနေတုန်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် နေ့ခင်းပိုင်းမှာ တိုက်ပွဲခဏငြိမ်ခဲ့ပေမဲ့ ညဘက်ကစလို့ ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ဆိုင်းတောင်ဘက်ကိုပစ်ခတ်တာကြောင့် မီးလောင်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲကာလထဲ နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့ရပြီး လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်ခတ် မှုတွေကြောင့် အရပ်သားသေဆုံးသူ ၃၀ ကျော်ပြီလို့ ဒေသခံကခန့်မှန်းပါတယ်။

ဒေသခံ ပရဟိတသမားတဦးက “ကျနော်တို့ တိုက်ပွဲစဖြစ်တဲ့အချိန်ကစလို့ ထိတဲ့လူနာတွေ‌ပေါ့ ပြည်သူတွေကတော့ အားလုံး အယောက် ၃၀ လောက်ရှိသွားပြီ။ သေဆုံးသွားတဲ့သူကလည်း ၃၀ ကျော် ၃၅ ယောက်လောက်တော့ ရှိလောက်ပြီ။ တချို့နေရာတွေဆို အလောင်းတွေက ပုပ်ပွနေပြီ။ ရွာထဲ မြို့ထဲ ရပ်ကွက်တွေထဲမှာ အလောင်းတွေ မကောက်နိုင်သေးပါဘူး၊” လို့ ပြောပါတယ်။

မီးရှို့မှုတွေကြောင့် ဆိုင်းတောင်ထဲက နေအိမ် ၄၀၀ ဝန်းကျင်ပျက်ဆီးခဲ့ရပြီး ရပ်ကွက် ၄ ဘက်က အိမ်တွေ အများဆုံးဖြစ်တယ်လို့ ဒေသခံတွင်းသတင်းဌာနတွေကလည်း ဖော်ပြပါတယ်။

လက်ရှိ ဆိုင်းတောင် အဝင်၊ အထွက်ကို လက်နက်ကိုင်တွေက ပိတ်ပင်ထားပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ တောတောင်တွေနဲ့ ဖားကန့်မြို့ဘက်ကို စစ်ရှောင်နေရတာကြောင့် အရေးပေါ် အကူအညီတွေလည်း လိုအပ်နေပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013