DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရှိ မြန်မာဆိုင်များကို ၀င်ရောက်ဖမ်းဆီးနေသဖြင့် ဆိုင်အချို့ ပိတ်ထား 
DVB
·
September 17, 2024
ထိုင်းနိုင်ငံရှိ မြန်မာဆိုင်များကို ၀င်ရောက်ဖမ်းဆီးနေသဖြင့် ဆိုင်အချို့ ပိတ်ထား 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ မဲဆောက်မြို့တွေမှာ ဖွင့်ထားတဲ့ မြန်မာဆိုင်တွေကို ဒီရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်တွေက ၀င်ရောက်ဖမ်းဆီးနေတယ်လို့ ဆိုင်ဖွင့်ရောင်းချသူတွေက ပြောပါတယ်။

ဘန်ကောက်အနီး မြန်မာအများစုအလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင်စျေး၊ ဘန်ဘောစျေးက မြန်မာဆိုင်အများစုဟာ လက်ရှိမှာ  ပိတ်ထားပြီး အခြေအနေစောင့်ကြည့်နေရတယ်လို့ မြန်မာပစ္စည်းတွေ ရောင်းချနေသူတယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့ တပတ်၊ နှစ်ပတ်တုန်းကတော့ ရဲတွေ လိုင်းကြေးလားဖမ်းပြီးတော့ လေးငါး သောင်းလောက် တောင်းသွားတာတွေလည်း ကြားနေတာပဲ။ ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ မြန်မာကုန်ခြောက်ရောင်းတဲ့ ဆိုင်တွေက အကုန်လုံးပြောရမယ် ဆိုရင်တော့ တိုင်တဲ့သူ ရှိတာလား၊ ဒါမှမဟုတ် အစိုးရကပဲ ပေါ်လစီ တကယ်ပြောင်းနေတာလား၊ အဲဒါတော့ သေချာတော့မသိဘူး။ ဒါပေမဲ့ အဲဒီလိုမျိုး ဆက်စပ်မှု ပိတ်သိမ်းသွားမယ့် အခြေအနေတို့ မပိတ်သိမ်းချင်ရင်တောင်မှ ဒဏ်ငွေအကြီးအကျယ်ဆောင်ရတာတို့တွေ့ ကြုံနေရ၊ ဆုံနေရတာပဲ။”

အဖမ်းခံရတဲ့ ဆိုင်အများစုဟာ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်၊ အွန်လိုင်းရှော့ပင်း၊ ကုန်ခြောက်ဆိုင်တွေနဲ့ အသေးစား စားသောက်ဆိုင်လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းချခွင့်လိုင်စင်မရှိတဲ့အပြင် အလုပ်သမားတွေမှာလည်း သက်သေခံလက်မှတ် မရှိတာကြောင့် အခုလို အသေးစားလုပ်ငန်းတွေကို အဓိကထားပြီး လိုက်ဖမ်းနေတာ ဖြစ်နိုင်တယ်လို့ ဘန်ကောက်မြို့မှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ မြန်မာတယောက်က ပြောပါတယ်။

“အခုလောလောဆယ်တော့ ဘန်ဘောစျေးတင်မကဘူး၊ တချို့ဆိုင်တွေ တော်တော်များများ ပိတ်ကြတယ်။ အခြေအနေမကောင်းဘူးဆိုတော့ ယာယီပိတ်ထားတာပေါ့နော်။ တချို့ဆိုင်တွေက ပြန်ဖွင့်လို့မရဘူး။ အခုလို ၀င်ဖမ်းနေတာတွေက လိုင်းပေါ်မှာ ကြွားပြတာတွေ၊ ကိုယ့်အချင်းချင်းတွေ မနာလိုတာတွေ၊ ဟိုတိုင် ဒီတိုင်ပြီး ငွေသွင်းခိုင်းတယ်။ တချို့ဆိုလည်း ရဲကို တိုင်ပြီး အတူတူစားတာလည်းရှိတယ်၊ အမျိုးမျိုးရှိတယ်ဗျ။”

အဖမ်းအဆီးပုံမှန်ရှိနေတဲ့ မဲဆောက်မြို့မှာလည်း ဒီရက်ပိုင်း အသွားအလာသတိထားနေရတဲ့ အပြင် နေ့တိုင်းလိုလို မြန်မာဆိုင်တွေကို ၀င်ဖမ်းတာ ပိုများလာတယ်လို့ မဲဆောက်မြို့မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူတယောက်က ပြောပါတယ်။

“အခုလေးတင် ဒီမှာတဆိုင်ကို ဝင်စစ်နေတယ်ဆိုပြီး ဖြစ်လို့ ကျနော့် လက်ဖက်ရည်ဆိုင်တောင် အခုပဲ တံခါးပိတ်ချလိုက်ရတယ်၊ အခုတင်ဖြစ်နေတာ။ ဒီမှာက နေရာတိုင်းလည်း ၀င်ဖမ်းတယ်၊ စောင့်လည်း ဖမ်းတယ်။ တော်တော်များများ ဖမ်းခံထိနေရတယ်။ ပြီးခဲ့တဲ့ တပတ်တည်းမှာတင် ၃၀၀ ကျော်လောက် ဖမ်းခံထိသွားတယ် မဲဆောက်မှာ။”

အဖမ်းခံရပါက ဒဏ်ငွေ ထိုင်းဘတ် ၃၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ဆောင်ရပြီး ရောင်းချခွင့် လိုင်စင်နဲ့  အလုပ်သမားသက်သေခံကတ်တွေ မရှိပါက တရားရုံးအထိ တက်ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်းမှာတင်ပဲ အွန်လိုင်းမှာ ခွင့်ပြုချက်မရှိဘဲ စျေးရောင်းမှုကြောင့် မြန်မာ အလုပ်သမားနဲ့ ဆိုင်ရှင်ကိုပါ အရေးယူထားတဲ့အပြင် ထိုင်းဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် ဆံပင်ညှပ်ဆိုင်တဆိုင်ကိုလည်း ၀င်ရောက်ဖမ်းဆီးအရေးယူထားတယ်လို့ သက်ဆိုင်ရာ ထိုင်းရဲစခန်းတွေက ထုတ်ပြန်ထားပါသေးတယ်။

ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေအရ မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းရိုးရာ အနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်လုပ်ငန်း၊ စားသောက်ဆိုင် အပါအ၀င် လုပ်ငန်းပေါင်း ၂၇ ခု လုပ်ကိုင်ခွင့်မရှိပါဘူး။ 

ဒီဥပဒေကို ဖောက်ဖျက်ပါက ဘတ်ငွေ ၅၀,၀၀၀ မှ တသိန်းအထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်သလို အကြိမ်ကြိမ်ကျူးလွန်ပါက အလုပ်ရှင်ကော အလုပ်သမားကော ဘတ်ငွေ ၂ သိန်း သို့မဟုတ် ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ၂ ခုလုံးဖြစ်စေ ပြစ်ဒဏ်ကျခံရမယ်လို့ ထိုင်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013