
မြန်မာအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (KNA-B) မှ ကေဒါတယောက်ကို အာသံ ရိုင်ဖယ်တပ်က မကြာသေးမီက ဖမ်းဆီးလိုက်ကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့တဲ့အပေါ် ကူကီးကျောင်းသားအဖွဲ့ (KSO) က ငြင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံခဲ့ရသူ ထန်လျန်းခက်ပ်ဟာ မဏိပူရပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်တဦး ဖြစ်တယ်လို့ ကူကီးကျောင်းသားအဖွဲ့ က ပြောပါတယ်။
ထန်လျန်းခက်ပ်ဟာ မဏိပူရပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာခဲ့တာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ပြည်နယ်တွင်း ခိုလှုံနေရတဲ့ တခြားသူတွေလိုပဲ နယ်စပ်က သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ပြီး လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့တဲ့အကြောင်း KSO အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို သူဟာ မြန်မာဘက်ခြမ်း ခါမ်းပါတ်ဒေသက ဖြစ်တယ်လို့ ဆို ပါတယ်။
ဒီမတိုင်ခင်အစောပိုင်း တရက်မှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက သတင်းထောက်တွေကို ပြောကြားရာမှာတော့ သူ့အနေနဲ့ အစောပိုင်းကလည်းက မဏိပူရက သောင်းကျန်းသူတွေအတွက် လက်နက်ထောက်ပံ့ပေးတာ၊ ဒေသတွင်း ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားသားတွေအရေးနဲ့ ပတ်သက်ပြီး ပြောထားဖူးသလို အခုလို မြန်မာ သောင်းကျန်းသူတွေကို ဖမ်းမိတဲ့အတွက် အာသံရိုင်ဖယ်တွေကို ချီးကျူးခဲ့တာဖြစ်ပြီး အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA)ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့လည်း ပြောလိုက်တာပါ။
လတ်တလောမှာတော့ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့ အာသံရိုင်ဖယ်တပ်ဘက်က တရားဝင် ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
KSO အဖွဲ့ဘက်ကတော့ ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ အခြေခံစုံစမ်းစစ်ဆေးမှုတွေ၊ အချက်အလက်တွေအပေါ် အခြေခံပြီး ကောက်ချက်ချရာမှာ အလျင်စလို မဖြစ်သင့်ဘူးလို့ ပြောလိုက်ပါတယ်။
Source: Deccan Herald











