
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဆန္ဒပြရာနေရာကို သွားရာလမ်းမှာ ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာနဲ့ လမ်းပိတ်ဆို့မှုတွေကို ရှောင်တိမ်းရတဲ့ အွန်လိုင်း အဖွဲ့လိုက်ကစားရတဲ့ ဂိမ်းတခု လူငယ်တွေကြားမှာ အလွန်ရေပန်းစားနေပါတယ်။
ဒါဟာ အိန္ဒိယလူငယ်တွေက နိုင်ငံရေးပြဿနာတွေကို သရော်စာနဲ့ ဟာသတွေကို အသုံးပြုပြီး ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ကို တုံ့ပြန်ကြတဲ့ ဂိမ်းတခုလည်း ဖြစ်ပါတယ်။
အလုပ်အကိုင် စာမေးပွဲမေးခွန်း ပေါက်ကြားမှုနဲ့ မဲစာရင်းပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံရေးမကျေနပ်ချက်တွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေလို့ရတဲ့ ဒစ်ဂျစ်တယ်အကြောင်းအရာတွေအဖြစ် ပြောင်းလဲလာကြပါတယ်။
ဒါဟာ ဆိုရှယ်မီဒီယာနဲ့ ကြီးပြင်းလာတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ဆန္ဒပြ ဖော်ထုတ်တဲ့ပုံစံဖြစ်ပြီး ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ပုံမှန်နိုင်ငံရေး ဆက်သွယ်ပြောဆိုဟန်နဲ့ လုံးဝကွဲပြားနေပါတယ်။
အသက် ၂၇ နှစ်အရွယ် IT ကျွမ်းကျင်သူ ဆူရာ့ဂျ်ကွတ်ရှ်ဝါ ဖန်တီးခဲ့တဲ့ “ဂျန်တားမန်တားကို သွားကြစို့” အမည်ရှိ ဂိမ်းမှာ မြို့တော်ရဲ့ အဓိက ဆန္ဒပြရာနေရာ ဂျန်တားမန်တားကို ရဲပိတ်ဆို့မှုတွေကြားကနေ ဘယ်လိုသွားရတယ် ဆိုတာကို “Dark humour” အနေနဲ့ သရော်ထားပါတယ်။
အောက်တိုဘာ ၁၄ ရက်က ဂိမ်းထွက်ရှိလာပြီးနောက်ပိုင်း လူပေါင်း ၂,၀၀၀ ကျော်လောက် အမြဲတမ်း ကစားနေကြတယ်လို့ ကွတ်ရှ်ဝါက ပြောပါတယ်။
ဒါ့အပြင် လက်ဝဲဝါဒီ တက်ကြွလှုပ်ရှားသူ နီဟာဘိုရာကို ဇာတ်ဆောင်ထားပြီး ခေတ်ဟောင်း အာကိတ်ဒ် ဂိမ်းပုံစံ 8-bit စတိုင်နဲ့ ပါဝင်ထားတဲ့ တခြားဂိမ်းတခုလည်း ရှိပါတယ်။
အဲဒါကို အစ်ကိုဖြစ်သူ အက်ခ်ရှေးနဲ့အတူ ပူးတွဲဖန်တီးခဲ့တဲ့ အသက် ၃၀ အရွယ် အာနဗ်နာယာက အနုပညာရှင်တွေအနေနဲ့ လေးနက်တဲ့ပြဿနာတွေကို ဆွေးနွေးပြောဆိုဖို့အတွက် သရော်စာဟာ အထိရောက်ဆုံးနည်းလမ်း ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ အွန်လိုင်းမှာ ဟာသတခုအဖြစ် စတင်ခဲ့တဲ့ (ပိုးဟပ်) လူငယ်လှုပ်ရှားမှုကနေ စတင်ခဲ့တာပါ။
ဒီဂိမ်းတွေဟာလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှု လှုပ်ရှားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဆီကနေ စိတ်ကူးရရှိခဲ့တာ ဖြစ်ပါတယ်။
“ပိုးဟပ်” လှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့ဇူလိုင်လက ဝန်ကြီးချုပ်မိုဒီရဲ့ ပညာရေးဝန်ကြီး နုတ်ထွက်ခဲ့ရဖူးပါတယ်။
အခုလို လူငယ်တွေရဲ့ ဟာသဉာဏ်နဲ့ ဆန္ဒပြတာတွေကြောင့် ဝန်ကြီးချုပ် မိုဒီအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်လာပြီး မိုဒီဘက်ကလည်း အင်စတာဂရမ်ဗီဒီယိုတိုတွေနဲ့ လူငယ်တွေဆီ ချဉ်းကပ်ဖို့ ကြိုးစားနေတာပါ။
နိုင်ငံရေးမှာ အတိုက်အခံတွေက အချက်အလက်နဲ့ စွပ်စွဲလာရင် တန်ပြန်အချက်အလက် ဒါမှမဟုတ် သတင်းအမှား/လိမ်ညာမှုတွေနဲ့ ချေပလို့ရပေမဲ့ လူငယ်တွေက ဟာသလုပ် သရော်လိုက်တဲ့အခါ အစိုးရအနေနဲ့ ဘယ်လိုမှ တန်ပြန်ချေပမလဲလို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ယိုဂန်ဒရာ ယာဒပ်က ပြောပါတယ်။
Source: Reuters











