DVB Logo
Home
နိုင်ငံတကာ
ယီမင်က အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်၊ ဂါဇာရှိ ဥမင်လိုဏ်ခေါင်းများကို အစ္စရေး ပြသ
DVB
·
September 16, 2024
ယီမင်က အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်၊ ဂါဇာရှိ ဥမင်လိုဏ်ခေါင်းများကို အစ္စရေး ပြသ
Donate to DVB

ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တစင်း အစ္စရေးနိုင်ငံ အလယ်ပိုင်းက လဟာပြင်ကို ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အစ္စရေးစစ်တပ်က စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

မြို့ခံတွေနဲ့ မီးသတ်သမားတွေက အစ္စရေးအလယ်ပိုင်း ကေဖာ ဒယ်နီယာ ရွာနားက မီးတောက်တွေကို ထိန်းချုပ် ငြှိမ်းသတ်ခဲ့ရပါတယ်။

ဇူလိုင်လထဲမှာ ယီမင်နိုင်ငံထဲက အီရန်ရဲ့မဟာမိတ် ဟူသီတပ်တွေက အစ္စရေးနိုင်ငံ တဲလ်အဗီမြို့ကို တာဝေးပစ် ဒရုန်းတစင်းနဲ့ ပစ်ခတ်ခဲ့လို့ လူတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ယီမင်နိုင်ငံ ဟိုဒေးဒါ ဆိပ်ကမ်းနားက ဟူသီတွေရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး ၈၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဂါဇာတောင်ပိုင်း ရာဖာမြို့ တယ်လ်အယ်လ်စူလ်တန် ဧရိယာမှာရှိပြီး အစ္စရေးတပ်တွေက ဖော်ထုတ်နိုင်ခဲ့တာလို့ ပြောတဲ့ ဥမင်တွေဆီကို အစ္စရေးစစ်တပ်က သတင်းထောက်တွေကို စက်တင်ဘာ ၁၃ ရက်မှာ ခေါ်သွားခဲ့ပါတယ်။

အဲဒီခရီးစဉ်ထဲမှာ စက်တင်ဘာ ၁ ရက်က ပြန်သယ်လာခဲ့တဲ့ ဟားမတ်စ်တို့ သတ်ဖြတ်ခံခဲ့ရတဲ့ အစ္စရေးဓားစာခံ ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကိုတွေ့ခဲ့တဲ့ ဥမင်ဝင်ပေါက်မှာ ခရီးတထောက်နားဖို့လည်း ပါပါတယ်။

ခရီးစဉ်အတွင်း လုံခြုံရေးအကြောင်းပြချက်ကြောင့် သတင်းထောက်တွေကို ဥမင်လိုဏ်ခေါင်းအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။

ပျက်စီးနေတဲ့ အိမ်တလုံးက ကလေးအိပ်ခန်းတခုရဲ့ ဘေးမှာ သပွတ်အူလိုက်နေတဲ့ ဥမင်တွေရှိတဲ့ နေရာကိုလည်း အစ္စရေးစစ်တပ်ပြောခွင့်ရ ဒယ်နီယယ် ဟာဂါရီက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

သြဂုတ် ၂၉ ရက် ညမှာ ဓားစာခံ ၆ ယောက် သေဆုံးခဲ့ပြီး နှစ်ရက်အကြာမှာ အစ္စရေး တပ်ဖွဲ့ဝင်တွေက ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။

တယ်လ်အယ်လ် ဆူလ်တန် ဥမင်လိုဏ်ခေါင်းဟာ အီဂျစ်နယ်စပ်အနီး ရာဖာမြို့တဝိုက်မှာ တပ်ဖွဲ့ဝင်တွေက ဖော်ထုတ်နိုင်ခဲ့တဲ့ ကြီးမားတဲ့ ကွန်ရက်တခု ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့လတွေအတွင်း မြေအောက်ဥမင်လိုဏ်ခေါင်းလမ်းကြောင်း ၁၃ ကီလိုမီတာ ဝန်းကျင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း အခုသီတင်းပတ်ထဲမှာ ပြောခဲ့ပါတယ်။

ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးက လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်းမှာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ရှားရှားပါးပါး စစ်ရေးအရ ခရီးစဉ်တွေကလွဲလို့ နိုင်ငံခြား သတင်းထောက်တွေကို ဂါဇာကို ဝင်ခွင့်မပေးခဲ့ပါဘူး။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က အောက်တိုဘာ ၇ ရက်ကတည်းက ထိုးစစ်ဆင်မှုအတွင်း ပါလက်စတိုင်း ၄၁,၂၀၆ ယောက် သေဆုံးပြီး ၉၅,၃၃၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013